ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမုဒိတာအိမ်ရာတွင် ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက လူငယ်အမျိုးသားတစ်ဦး တိုက်ပေါ်မှခုန်ချမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်းမပေါ် သမိုင်းမုဒိတာအိမ်ရာ(၁) (B) ဆောင် (၄)လွှာရှိ အခန်းတစ်ခန်းမှ အသက် ၂၅ အရွယ်ရှိလူငယ် အမျိုးသားတစ်ဦးသည် ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ် ခန့်က နောက်ဖေးလှေကားမှ ခုန်ချခြင်းဖြစ်ကြောင်း သိရသည်။
” နောက်ဖေးလှေကားကနေ ခုန်ချတာပါ မြေပြင်ပေါ်တိုက်ရိုက်မကျပဲ sunshade ပေါ်ကနေတဆင့်ကျတာကြောင့် သက်သာသွားတယ်၊ ခေါင်းကွဲတာမျိုးဘာညာ မရှိပါဘူး၊ သတိတော့လစ်သွားတယ်” ဟု “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် “ရွှေရောင်သမိုင်း”အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း လူနာတင်ယာဥ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်၍ အဆိုပါအမျိုးသားလူနာအား အင်းစိန်ဆေးရုံ အရေးပေါ်ဌာနသို့ အသက်ရှင်လျက် ပို့ဆောင်ကူညီပေးခဲ့သည့်အတွက် မစိုးရိမ်ရတော့ကြောင်း သိရသည်။
ဓာတ်ပုံ – ရွှေရောင်သမိုင်း