ကာလုံခေါ်ရန် နာရီပိုင်းသာလိုတော့သည်

0
2345

မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာမည်လဲ စိတ်ဝင်စားစရာဖြစ်နေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလ ပြဌာန်းချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပရန် နာရီပိုင်းသာလိုတော့သည်။

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ (၁)ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အာဏာကို ယာယီရယူကာ ကာလုံအစည်းအဝေးခေါ်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဏာလွှဲအပ်ပေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိအချိန်ထိ အာဏာထိန်းထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို တစ်နှစ်သတ်မှတ်ကာ (၆)လ နှစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး (၂) နှစ်ပြည့်၍ ကာလုံထံ အာဏာပြန်အပ်ရမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက် ကာလုံအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်အခြေအနေမှာ တည်ငြိမ်အေး‌ချမ်းမှု မရှိသေးဘဲ ဆက်လက်ထိန်းသိမ်းရန် လိုအပ်သေးကြောင်း တင်ပြခဲ့သည်။

အဆိုပါ တင်ပြချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာလုံက တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သေးကြောင်း ဆုံးဖြတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်ဖြစ်သည့် ပုဒ်မ (၄၂၅) အရ နစကအား သက်တမ်း(၆)လ ထပ်မံတိုးခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၂၅) အရ သာမန်မဟုတ်သည့်အခြေအနေဟုဆိုကာ အရေးပေါ်ကာလ (၆)လ သက်တမ်းထပ်မံတိုးထားခြင်းသည် မနက်ဖြန် ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

ထို့အတွက်ကြောင့် လာမည့် နာရီပိုင်းအတွင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အစီရင်ခံချက်ကို နားထောင်ကြရမည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကာလုံထံ အာဏာပြန်အပ်မည် မအပ်မည်နှင့် ပတ်သက်၍ ဝိဝါဒကွဲပြားစွာ အမျိုးမျိုးသောသုံးသပ်မှုများရှိနေသလို စိတ်ဝင်တစား စောင့်ကြည့်နေကြသူများလည်း
ရှိနေသည်။

ဥပဒေပါ ပြဌာန်းချက်များအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကာလုံအား အာဏာပြန်အပ်မည်ဆိုပါက (၆)လ အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပကာ ရွေးကောက်ခံ အစိုးရသစ်အား အာဏာပြန်လွှဲပေးရမည် ဖြစ်သည်။

နိုင်ငံရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ သုံးသပ်ချက်များနှင့် ၂၀၂၃
ခုနှစ် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်အရ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပရန် အချိန်ကာလအားဖြင့် အနည်းဆုံး (၈) လခန့် လိုအပ်မည်ဖြစ်ပြီး ကာလုံထံ အာဏာပြန်အပ်မည်ဆိုပါကလည်း ၂၀၂၃ ခုနှစ်အတွင်းအထွေထွေ‌ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။၂၀၂၆ တွင် မြန်မာက အာဆီယံအလှည့်ကျ ဥက္ကဌ လုပ်ရမည့်လျာထားချက်ရှိနေသဖြင့် ရွေးကောက်ပွဲသည် နောက်အကျဆုံး ၂၀၂၄ တွင်တော့လုပ်ရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ဩဂုတ်လ (၁) ရက်နောက်ပိုင်း၌ ကြားကာလအစိုးရကဲ့သို့သော အဖွဲ့အစည်းတစ်ရပ် ပေါ် ပေါက်လာနိုင်ပြီး ယင်းအဖွဲ့ထဲတွင် နိုင်ငံတော်အဆင့်လူကြီးဟောင်းများ ပြန်လည် ပါဝင်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ကြံခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ (ဘူးလက်လှဆွေ) က ” ကျွန်တော့်အမြင်ကတော့ ကြားဖြတ်အစိုးရ မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်ကော်မတီလိုမျိုးဖွဲ့ပြီး ရွေးကောက်ပွဲ လမ်းကြောင်းကိုသွားမယ်လို့ ယူဆရတာပေါ့။ ဒီအဖွဲ့မှာ အနီဘက်က ဘယ်သူပါမယ်ဆိုတာ ခန့်မှန်းမိမှာပါ၊သိပ်မပြောလိုဘူး” ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။

“ထင်မြင်သုံးသပ်ချက်တွေဟာခြေဥ ပြဌာန်းချက်တွေကို ကိုးကားဖို့တော့ လိုပါတယ်။ ခြေဥမှာ အရေးပေါ် အခြေအနေမှာ ညွှန့်ပေါင်း အတွက် ပြဌာန်းချက် မရှိပါ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက် ကာလုံအစည်းအဝေး အပြီးတွင် သာမန်အခြေအနေ မဟုတ်ဟုဆိုကာ သက်တမ်းဆက်တိုးခဲ့စဉ်က နစက ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နစကအဖွဲ့အား အပြောင်းအလဲပြုလုပ်ကာ အင်အားဖြည့်ခဲ့သည့် အခြေအနေရှိသည့်အတွက် ယခုခန့်မှန်းချက်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။

လာမည့် ဩဂုတ်လ (၁) ရက်တွင် နေပြည်တော်၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် တည်ထားသည့် မာရဝိဇရ ရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်လှူပွဲရှိနေသည့်အပြင် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးချိန်နှင့် အချိန်ကိုက်ဖြစ်နေခြင်းက တိုင်းပြည်အတွက် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ခြေ မြင့်မားကြောင်း သုံးသပ်မှုများရှိနေသော်လည်း ကာလုံတွင် တင်ပြချက်များနှင့် ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဘုရားကြီး အနေကဇာတင်ပွဲသို့ လက်ရှိအဆင့်မြင့်တာဝန်ထမ်းဆောင်နေသူများအားလုံးဖိတ်ကြားခံထားရဖြင့် ယခုဓမ္မစကြာနေ့ထိ အစိုးရအဖွဲ့မပြောင်းလဲနိုင်သေးသောအာမခံချက်ရှိနေသည်ဟုယူဆလိုကယူဆနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here