ဆရာတော် ၅ ပါး သီတင်းသုံးတော်မူမည့် မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာမင်္ဂလာဆင်ယင်ကျင်းပ

0
1797

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း၌ အလှည့်ကျ ဆရာတော် ၅ ပါးသီတင်းသုံးတော်မူမည့် မာရဝိဇယကျောင်းတော်ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားအား ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့၊ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူမည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကာ နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများနှင့်အလှူရှင်များ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယ ကျောင်းဆောင်တော်တွင် သီတင်းသုံးတော်မူမည့် ဆရာတော် ၅ ပါး၏ ဘွဲ့တော်နှင့်ထေရုပတ္တိအကျဉ်းတို့ကို ဖတ်ကြားတင်ပြခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များက မင်္ဂလသုတ်၊မေတ္တသုတ် ပရိတ်တရားတော်များအား ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နေမိန္ဒထံကျောင်းအပ်စာတမ်းလွှာကိုဆက်ကပ်ပြီး ပါဠိဆရာတော်ကြီးနှင့်ကျောင်းထိုင်ဆရာတော်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးနှင့်တက်ရောက်လာကြသူ များက ပါဠိဆရာတော်ကြီးထံမှ ကျောင်းလွှတ်ပူဇာအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မာရဝိဇယကျောင်းတော်သည် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့အမှူးပြုကာ အလှူရှင်များစုပေါင်း တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်အတွင်း၌ ဘုရားခန်း၊စာချ၊ဝတ်ပြုခြင်းများပြုလုပ်ရန်နေရာ၊အိပ်ခန်းများ၊စာကြည့်တိုက်နှင့်စာဖတ်ခန်းများ၊ဆွမ်းစားခန်း၊သန့်စင်ခန်းများ၊ဆွမ်းချက်ဆောင်နှင့်ကပ္ပိယဆောင်များကိုစနစ်တကျပြည့်စုံစွာထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here