(၇)လတာအတွင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်ပခရီးသွားများအနက် ထိုင်းနိုင်ငံမှ အများဆုံးလာရောက်ခဲ့

0
237

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတာအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ပြည်တွင်း ပြည်ပခရီးသွား (၁၆၀၀၀၀) ကျော် လာရောက်ဖူးမျှော်ခဲ့ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ရုံးမှ သိရသည်။

ယခု ၇လအတွင်း လာရောက်ဖူးမျှော်သည့် ပြည်တွင်းခရီးသွား ၁၅၇၅၇၄ ဦး၊ ပြည်ပခရီးသွား ၄၆၃၈ ဦးရှိခဲ့ပြီး ပြည်ပခရီးသွားများအနက် ထိုင်းနိုင်ငံမှ အများဆုံးလာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ရုံး၏ အချက်အလက်အရ သိရသည်။

‘’ ကျိုက်ထီးရိုးဘုရားကြီးကို ၁၂ လ၊ ၁၂ ရာသီလုံး ဖွင့်ထားပါတယ်။ ပွဲတော်ကာလက အစဉ်အလာအရ သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ခုနစ်လတိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။ လက်ရှိကာလမှာ ပွဲတော်ကာလ ကုန်သွားပေမယ့် ဘုရားကိုတော့ ဆက်ပြီးတော့ ဖွင့်ထားပါတယ်။ တောင်တက်ကား သွားရေး၊ လာရေး အကုန်လုံး စီစဉ်ထားတာ ရှိပါတယ်။ တောင်ပေါ်မှာလည်း တည်းရေး၊ ခိုရေးအတွက် ဟိုတယ်တွေရော၊ စားသောက်ဆိုင်တွေရော ရှိပါတယ်။ ကျန်းမာရေးအတွက်လည်း ဂေါပကအဖွဲ့က ကျန်းမာရေးဆေးခန်းတွေ ဖွင့်ထားပါတယ်။ ပွင့်လင်းရာသီအတိုင်းပဲ ဘာမှ အပြောင်းအလဲမရှိပါဘူး” ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ် (၄၅) လုံးနှင့် တည်းခိုရိပ်သာ (၂၆) လုံးတို့ရှိပြီး ၎င်းအနက် ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျိုက်ထိုဟိုတယ်၊ ရိုးရိုးလေးဟိုတယ်၊ Mountain Top Hotel, Golden Rock Hotel (ရသေ့တောင်) တို့ရှိသလို တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ အိပ်ဆောင်များတွင် တည်းခိုနားနေနိုင်ပြီး ဘုရားဖူးများသည့် ကာလများတွင် ဘုရားရင်ပြင်တော်၌ပင် အိပ်စက်အနားယူကြသူများလည်းရှိကြောင်း သိရသည်။

အလားတူ တောင်ခြေကင်မွန်းစခန်းတွင် ဟိုတယ် (၈) လုံးနှင့် တည်းခိုခန်း (၂)ခုရှိပြီး ကျိုက်ထိုမြို့ပေါ်တွင် ဟိုတယ် (၃)လုံး၊ တည်းခိုရိပ်သာ (၂) လုံးတို့မှ ဘုရားဖူးလာ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဝန်ဆောင်မှုများပေးလျက်ရှိသည်။

Photo Credit – MOHT


LEAVE A REPLY

Please enter your comment!
Please enter your name here