ယူကရိန်း၏ တန်ပြန်တိုက်စစ်သာ အောင်မြင်သွားပါက နျူလက်နက်သုံးမည်ဟု ရုရှားသမ္မတဟောင်း ပြော

0
199

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်သည် ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှု အောင်မြင်သွားပါက မော်စကိုဘက်က နျူလက်နက် အသုံးပြုရမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုလက်ရှိ လုံခြုံရေးကောင်စီဒုတိယဥက္ကဌ ဖြစ်သော ပူတင်ဘက်တော်သား မက်ဗီဒက်သည် အကယ်၍သာ ယူကရိန်း၏ ထိုးစစ်ဆင်မှုကြောင့် ရုရှားတပ်များ တပ်ဆုတ်ရသည့် အခြေအနေဖြစ်လာလျှင် ဆိုရှယ်မီဒီယာပေါ်၌ မှတ်ချက်များ ပေးလာချိန် ယခုကဲ့သို့ ပြောလာခဲ့သည်။

“နေတိုးအဖွဲ့က ထောက်ပံ့နေတဲ့ ဒီထိုးစစ်ဆင်မှုသာ အောင်မြင်သွားပြီး ငါတို့ရဲ့ နယ်မြေတစ်စိတ်တစ်ဒေကို သိမ်းပိုက်သွားနိုင်တယ်ဆိုပါစို့၊ အဲဒီလိုသာ ဖြစ်လာခဲ့ရင် ရုရှားသမ္မတရဲ့ အမိန့်အရ မဖြစ်မနေ နျူကလီးယား လက်နက်သုံးရမယ့် အခြေအနေဆီ ရောက်လာပါမယ်။ အဲဒါအပြင် အခြားရွေးချယ်စရာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရန်သူတွေဟာ ငါတို့ရဲ့ စစ်သည်တွေ အောင်နိုင်မှာကိုပဲ ဆုတောင်းနေသင့်ပါတယ်။ ဒါမှ ကမ္ဘာ့ နျူကလီးယားစစ်ပွဲဆိုတာကြီး မရှိလာမှာပါ” ဟု သူက ဆိုသည်။

မက်ဗီဒက်သည် နျူစစ်ပွဲနှင့် နျူလက်နက် သုံးမည်ဆိုသည့် စကားများကို မကြာခဏ အသုံးပြုတတ်သူဖြစ်သည်။ သို့ရာတွင် ရုရှားသည် မက်ဗီဒက် ပြောသကဲ့သို့ ၎င်း၏ နျူကလီးယားဆိုင်ရာ မူဝါဒအရ ၎င်းနိုင်ငံကိုသာ ထိခိုက်လာပါက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် နျူလက်နက်သုံးပိုင်ခွင့် ရှိနေသည်။

ယူကရိန်းသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှုများ စတင်နေပြီဖြစ်သည်။ သို့ရာတွင် ရလဒ်ကောင်းများ ရရှိပုံ မပေါ်သေးပေ။ ပူတင်၏ ပြောဆိုချက်အရ ရုရှားဘက်ကမူ စစ်မြေပြင်၌ ဆုံးရှုံးမှု ကြီးကြီးမားမား မရရှိသေးဘဲ ယူကရိန်းကသာ ဇွန်လ ၄ ရက်နောက်ပိုင်း ဆုံးရှုံးမှုများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here