မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားသို့ ကြွရောက်လာကြသည့် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအား နစက ဥက္ကဋ္ဌဖူးမြှော်

0
84

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့်ရေစက်ချခြင်းမဟာမင်္ဂလာအခမ်းအနားများအားချီးမြှင့်ရန် ကမ္ဘောဒီးယား၊ထိုင်း၊နီပေါ၊ဗီယက်နမ်၊ဘင်္ဂလားဒေ့ရှ်၊ရုရှား၊လာအို၊သီရိလင်္ကာနှင့်အိန္ဒိယနိုင်ငံတို့မှ ဆရာတော်ကြီးအပါး ၇၀ တို့သည် နေပြည်တော်ရှိ Jasmine Hotel ၌ ခေတ္တသီတင်းသုံးလျက်ရှိသည်။

ကြွရောက်တော်မူလာကြသည့် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအား နစက ဥက္ကဋ္ဌမှ ဇူလိုင် ၃၁ ရက်မွန်းလွဲပိုင်းက ဖူးမြှော်ကြည်ညိုခဲ့သည်။

သီတဂူဆရာတော်ကြီးနှင့်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခ ချုပ်ဆရာတော်ဆေကိန္ဒတို့မှ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နိုင်ငံအသီးသီးမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်တစ်နိုင်ငံချင်းသီးခြားစီတွေ့ဆုံမိတ်ဆက်ပေးခဲ့သည်။

တွေ့ဆုံမိတ်ဆက်ပေးစဉ် နစက ဥက္ကဋ္ဌမှ ဆရာတော်ကြီးများအပြင် ဆရာတော်ကြီးများ၏ နိုင်ငံအသီးသီးမှ နိုင်ငံသူ၊နိုင်ငံသားများကိုလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ လာရောက်ဖူး မြော်ရန်ဖိတ်ခေါ်ကာ နိုင်ငံအသီးသီးမှ သာသနာတော်ပိုင် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများကိုယ်တိုင် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူ၍ သာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဟု လျှောက်ထားခဲ့သည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများမှလည်း ယခုကဲ့သို့ ခရီးစဉ်ကြွရောက်လာရ၍ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကာ သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ကာ မြန် မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဗဟိုချက် ဖြစ်လာမည်ကို ယုံကြည်သည်ဟုလည်း ပြန်လည်မိန့်ကြားတော်မူခဲ့ကြသည်။

ထို့နောက် ပြည်ပနိုင်ငံများမှဆရာတော်ကြီးများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်း ဆရာတော်ကြီးများနှင့်အတူ လိုက်ပါလာသူများမှ အလှူငွေများ၊သင်္ကန်းတော်များနှင့်ဓမ္မလက်ဆောင်များကိုပေးအပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here