မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၆၀၀၀) ကျော် ပြန်လွှတ်မည် ၊ အင်းစိန်အကျဉ်းထောင်မှ (၁၀၀၀) ဝန်းကျင်ပါဝင်မည်ဟုဆို

0
200

ယနေ့ ဩဂုတ်လ (၁) တွင် ကျရောက်သော ဒုတိယ ဝါဆို လပြည့်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၆၀၀၀) ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးရန်ရှိကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။

အဆိုပါ အကျဉ်းသား (၆၀၀၀) ကျော် ပြန်လွှတ်မည့် အစီအစဉ်တွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်း ထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပါဝင်ကြောင်းလည်း သိရသည်။

နစက အနေဖြင့် အထိမ်းအမှတ်နေ့များတွင် အကျဉ်သားများ ပြန်လွှတ်လေ့ရှိပြီး ယနေ့ ဒုတိယဝါဆိုလပြည့်သည် နေပြည်တော်ရှိ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ပွဲနှင့်လည်း တိုက်ဆိုင်နေခြင်းဖြစ်သည်။

ယနေ့ ပြန်လွှတ်မည့် အကျဉ်းသားများထဲတွင် NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်ပါဝင်လာနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကပင် သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ယနေ့ နံနက်ပိုင်းမှ စတင်ကာ အကျဉ်းသား မိသားစုဝင်အများအပြား အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရောက်ရှိကြိုဆိုနေသည်ကို တွေ့ရပြီး မည်သူများပြန်လည်ပါဝင်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲပင် ဖြစ်သည်။

နေပြည်တော်အသိုင်းအဝိုင်းက လာသည့် သတင်းများအရ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဦးဝင်းမြင့် ၊ ဒေါက်တာဇော်မြင့်မောင်တို့ပါ ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာနိုင်ကြောင်းပြောဆိုမှုများ ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မြန်မာနှစ်ဆန်းတစ်ရက်ကလည်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား အများအပြား ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၃၀၀) ကျော် ပြန်လွှတ်ပေးခဲ့သည်။

ပုံစာ – နှစ်ဆန်း တစ်ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here