ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် “ ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ” ဖွဲ့စည်း

0
251

အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၃) ဖြင့် ဇွန်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် “ ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကျန်ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အတွင်းရေးမှူးများက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။

၄င်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန် နှင့် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်စျေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း သိရသည်။

အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် လိုအပ်သောပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင် မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် နည်းလမ်းများရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အချက်များကိုလည်း လုပ်ငန်းတာဝန်များထဲတွင် ထည့်သွင်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here