‘ရုရှားတွေက ငါတို့ကို စောင့်နေကြတယ်’၊ ယူကရိန်းတပ်များ မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်သည့် တိုက်ပွဲများရင်ဆိုင်နေရ

0
223

ပြီးခဲ့သော သီတင်းပတ်က ယူကရိန်းနိုင်ငံ အရှေ့တောင်ဘက်ရှိ တိုက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်ပြီး မိမိတို့ဖက်မှ သွေးထွက်သံယိုပိုမိုများပြားခဲ့ကြောင်း၊ ကြိုတင်စီစဉ်ထားသည်တို့ ပျက်ပြားသွားကာ ရုရှားသည် ကောင်းစွာပြင်ဆင်ထားသည့် ရန်သူတစ်ဦးဖြစ်ကြောင်း ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို ဦးဆောင်နေသည့် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

“ရုရှားတွေက ငါတို့ကို စောင့်နေကြတယ်” ဟု ပြီးခဲ့သော သီတင်းပတ်က တိုက်ခိုက်မှုအတွင်း သံချပ်ကာယာဉ်များဖြင့် တိုက်ပွဲသို့ စေလွှတ်ခြင်းခံရသည့် ယူနစ်မှ အသက် ၂၉ နှစ်အရွယ် ယူကရိန်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“သူတို့က ငါတို့ကို တင့်ကားပစ်လက်နက်တွေ၊ လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ငါ့တင့်ကားက တင့်ကားမိုင်းကိုကျော်ပြီး မောင်းသွားပေမယ့် ယာဉ်ကို လောင်ချာနဲ့ အပစ်ခံရတယ်၊ အထဲက အားလုံးတော့ အသက်ရှင်တယ်။ ဒီတော့ ငါတို့လဲ တင့်ကားအပေါ်က အဖုံးကို အမြန်ဖွင့်ရတော့တယ်။ အရေးကြီးတာက အဖုံးကိုဖွင့် အပြင်ထွက်ပြီး ရှေ့ဆက်ဖို့ပါပဲ”ဟု သူကဆိုသည်။

ယူကရိန်းအရှေ့တောင်ပိုင်းရှိ ရှေ့တန်းတိုက်ပွဲအကြောင်းများကို ယူကရိန်းတပ်ဖွဲ့ဝင်တို့က ပြန်ပြောင်းပြောပြချက်များအရ တန်ပြန်ထိုးစစ်၏တတိယမြောက်လတွင် မကြာမီတွင် ယူကရိန်းတို့၏ အပြင်းထန်ဆုံးသောထိုးစစ်သည် မျှော်လင့်ထားသည်ထက် ပိုမိုနှေးကွေးလာပြီး သွေးထွက်သံယိုလည်း များပြားခဲ့ကြောင်း သက်သေပြခဲ့သည်။

ယခုနွေရာသီတွင် ရုရှားတို့၏ သိမ်းပိုက်ခံခဲ့ရသော နယ်မြေများကို ပြန်လည်ရယူရန်အတွက် တန်ပြန်ထိုးစစ်ဆင်ရန် အနောက်နိုင်ငံများမှ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိ လက်နက်ကိရိယာများနှင့် လေ့ကျင့်ရေးများ လက်ခံရရှိထားသည့် ယူကရိန်းသည် ၎င်း၏ လှုပ်ရှားမှုများ မျှော်လင့်ထားသည်ထက် ပိုမိုနှေးကွေးနေကြောင်း ဝန်ခံခဲ့သည်။ အသေအပျောက်များပြားမှုကို ရှောင်ရှားရန် လျှင်မြန်သည့် အရှိန်အဟုန် လိုအပ်ကြောင်း ယူကရိန်း တပ်မှူးများက ပြောသည်။

သို့ရာတွင် ယူကရိန်း သမ္မတ ဇလန်းစကီးကမူ “ခုအခါမှာ ယူကရိန်းက ပိုအားကောင်းလာပြီး စစ်ပွဲက ရုရှားရဲ့ နယ်မြေ၊ သူ့ရဲ့ အထင်ကရ အချက်အချာကျတဲ့ နေရာတွေနဲ့ စစ်အခြေစိုက်စခန်းတွေဆီကို တဖြည်းဖြည်း ပြန်သွားနေပါတယ်” ဟု တနင်္ဂနွေနေ့က နေ့စဉ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here