ရန်ကုန်-ပြည်လမ်းတွင် Mini Bus ယာဉ်နှင့် ဆိုင်ကယ်တိုက်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ ကလေးငယ် ၁ ဦးနှင့်ဆိုင်ကယ်မောင်းသူသေဆုံး

0
268

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့ ဩဂုတ်လ ၂ ရက် နံနက်က Mini Bus ယာဉ်(၁)စီးနှင့် ဆိုင်ကယ် တိုက်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ ကလေးငယ် ၁ ဦးနှင့်ဆိုင်ကယ်မောင်းသူသေဆုံးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးရန်ကုန် လိုင်းကားသည် ပရိုဘောက်ကားကိုရှောင်ရာမှ လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်အား၀င်တိုက်မိပြီး လမ်းဘေးထိုးဆင်းကာ အုတ်နံရံကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်မိတဲ့အရှိန်နဲ့ ဆိုင်ကယ်ကောကားကော လမ်းဘေးအထိရောက်သွားတယ် ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေး ၂ ယောက်နဲ့ဆိုင်ကယ်မောင်းတဲ့လူက ကားအောက်ကိုရောက်ပြီး ပိမိသွားတယ် ဆိုင်ကယ်မောင်းတဲ့လူရယ် ဆိုင်ကယ်ပေါ်လိုက်လာတဲ့ ၈ တန်းကျောင်းသူရယ် သေဆုံးပါတယ် နောက်ထပ်ဆိုင်ကယ်ပေါ်မှာပါတဲ့ အသက်(၅)နှစ်အရွယ်လောက် ကလေးကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုထင်လင်းအောင်ကပြောသည်။

အဆိုပါယာဉ်တိုက်မိမှုကြောင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းနှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကားအောက်ရောက်သွားသူများကိုလည်း ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦးနှင့် သေဆုံးသူတို့အား ပုလဲအရန်မီးသတ်စခန်း၊ ပတ္တမြားလူငယ်ပရဟိတအသင်းနှင့် မင်္ဂလာဒုံနာကူအသင်း တို့၏ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here