တာဝန်ခံသူနာပြုကြီး (၁၃၇) ဦးကို ပြန်တမ်းဝင်အရာရှိလစာပေးပြီး ဗဟိုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် တာဝန်ချထားမည်

0
150

တာဝန်ခံသူနာပြုကြီး (၁၃၇) ဦးကို ပြန်တမ်းဝင်အရာရှိလစာ တိုးမြှင့်ခံစားခွင့်ပေးပြီး ဗဟိုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် တာဝန်ချထားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လစာတိုးမြှင့် ခံစားခွင့်ရသော တာဝန်ခံသူနာပြုကြီး (၁၃၇) ဦးတို့သည် သက်ဆိုင်ရာဆေးရုံ/ ဌာန၊ လူနာဆောင်များရှိ သူနာပြုများကို အုပ်ချုပ်စီမံခန့်ခွဲရေးတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပြီး ၎င်းတို့ကို သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအား (၃) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တာဝန်ခံ သူနာပြုကြီးများသည် သူနာပြု/သား ဖွား သင်တန်းကျောင်းများတွင်လည်း သင်တန်းဆရာများအဖြစ် အခါအားလျော်စွာ သွားရောက်သင်ကြားပေးကြရမည်ဖြစ်ပြီး သူနာပြုကျင့်ဝတ်၊ ဝန်ထမ်းစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ လိုက်နာစေရေး၊ လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ပျူငှာ နွေးထွေးစွာပြုမူပြောဆိုရေးအတွက် သင်ကြားပေးရန်လည်း မှာကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ရန် အလုပ်သင်ဆရာဝန် (၆၀၀) ကျော်ကို ကျန်းမာရေးဝန်ကြီးဌာနက စတင်တာဝန်ပေး ခန့်အပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here