အရန်ဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦးရောင်းချပေးမည်

0
383

သိုလှောင်ထားပြီးသော အရန်ဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦးရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာထားသည်။

အသင်းချုပ်မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသော ဆန်အိတ် (၅၀,၀၀၀) (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်းသို့ ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအရ သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသောဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေး ခြင်း၊ လုပ်သား ပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် စီစဉ်စုဆောင်းထားသော အရန်ဆန်များအား ဈေးကွက်ပေါက်ဈေးအောက်တွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၂)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှုး အပါအ၀င် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here