သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ပထမအဆင့်တိုက်ခန်း(၁၁၆၈) ခန်းအတွက် လူဦးရေ (၁၆၀၀၀) ကျော်ကို လျှောက်လွှာများရောင်းချ

0
225

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်း ပထမအဆင့်အဖြစ် ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်း(၁,၁၆၈)ခန်းအတွက်လူဦးရေ ၁၆၀၀၀ ကျော်ကို လျှောက်လွှာမျရောင်းချပြီးဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားထားသည်။

ဇူလိုင်လ (၃) ရက်မှ (၃၁) ရက်အထိ လျှောက်လွှာများကို ခေါ်ယူရောင်းချပေးခဲ့ရာ ပြည်သူဦးရေ ၈၀၀၀၊ အငြိမ်းစားဝန်ထမ်း (၂၄၀၀) နှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းဦးရေ (၆၅၀၀) စုစုပေါင်း လူဦးရေ (၁၆၉၀၀) ကိုရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါလျှောက်လွှာများကို စိစစ်နေပြီး နေထိုင်ခွင့်ရသူများကို ယခုလအတွင်း ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အိမ်ရာတွင် ဝင်ငွေနည်းပြီး နေထိုင်ရေးအခက်အခဲရှိသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို စတင်ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တိုက်ခန်း တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ကျပ် ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် ကျပ် ၆၀၀၀၀ ၊ တတိယထပ် ၅၅၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆၀၀၀ ကျပ်ဖြစ်ပြီး အိမ်ငှားရမ်းသည့် သက်တမ်းမှာ (၅) နှစ်ဖြစ်ကာ (၅) နှစ် နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့် ရန်ကုန် မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Photo -Myanmar Builders Guide


LEAVE A REPLY

Please enter your comment!
Please enter your name here