တိုင်ဖွန်းခနွန်နီးကပ်လာခြင်းကြောင့် ထိုင်ဝမ်တွင် ဈေးနှင့်ကျောင်းများပိတ်ထားရ

0
191

တိုင်ပေ၊ဩဂုတ် ၃

တိုင်ဖွန်းမုန်တိုင်းခနွန်သည် ထိုင်ဝမ်ကျွန်းအနားနီးကပ်လာသဖြင့် မိုးကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သောကြောင့် မြို့တော်တိုင်ပေအပါအဝင် နိုင်ငံမြောက်ပိုင်းဒေသများရှိ ဈေးများနှင့်ကျောင်းများအား ပိတ်ထားမည်ဖြစ်ကြောင်းသိရှိရသည်။

ထိုင်ဝမ်မိုးလေဝသဌာနက ဒုတိယအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်းအဖြစ်သတ်မှတ်ထားသော ခနွန်မုန်တိုင်းသည် ထိုင်ဝမ်အရှေ့မြောက်ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားနေပြီး တစ်နာရီလျှင် ၂၀၉ ကီလိုမီတာအထိတိုက်ခတ်နိုင်သည်ဟုလည်းခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အိုကီနာဝါ၌လည်း အိမ်ထောင်စုပေါင်း ၂၀၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်လျက်ရှိပြီး တစ်ဦးသေဆုံးခဲ့ပြီဖြစ်သည်။

မုန်တိုင်းခနွန်ကြောင့် ထိုင်ဝမ်ရှိပြည်တွင်းပြည်ပလေကြောင်းလိုင်း ၃၀ ကျော်ကိုလည်းရပ်နားထားရပြီး ပြည်တွင်းကူးတို့လိုင်းအားလုံးကိုလည်း ကြာသပတေးနေ့တွင်ရပ်နားမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ဗဟိုအစိုးရက အရေးပေါ်တုံ့ပြန်ရေးဌာနတစ်ခုကို ထူထောင်ထားပြီး မုန်တိုင်းဒဏ်အဓိကခံရနိုင်သည့်မြောက်ပိုင်းမြို့များတွင် ရာနှင့်ချီသောတပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသင့်ရှိနေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here