မော်လမြိုင်မြို့၏ နှစ်ပေါင်း(၁၀၀)ကျော်သက် တမ်းရှိ အ.ထ.က(၉)စာသင်ကျောင်းတွင် မီး လောင်မှုဖြစ်ပွား

0
253

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းပဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိပြီဖြစ်သော အ.ထ.က(၉)ကျောင်းတွင် သြဂုတ် ၃ ရက်ည ၁၁ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“မီးလောင်အားများတယ် Level 2 အဆင့်နဲ့ငြှိမ်းသတ်ခဲ့ရပါတယ် မီးလောင်သွားတဲ့အတွက် မူလတန်းနဲ့အလယ်တန်းကျောင်းသားတွေတက်နေတဲ့ အခန်း ၁၂ ခန်းပါ ၂ ထပ်ကျောင်းဆောင် တစ်ဆောင်လုံးပျက်စီးဆုံးရှုံးသွားပါတယ် နောက် ၃ ထပ်ကျောင်းဆောင်တစ်ဆောင်ရဲ့ အပေါ်ဆုံးထပ်လည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်”ဟု အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အ.ထ.က(၉)ကျောင်း သည် နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိပြီဖြစ်သည့် ရှင်မဟာဗုဒ္ဓဂေါသအမျိုးသားကျောင်းကြီးဖြစ်ကာ မီးလောင်မှုအားရေဂါလံပေါင်း ၆၀၀၀၀ ကျော်အသုံးပြုငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်အား မော်လမြိုင်မြို့မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် သြဂုတ် ၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာကိုငြှိမ်းနေတဲ့ မီးသတ်သမားတစ်ယောက်ရဲ့ ညာဘက်လက်မှာ သွပ်ပြားရှတဲ့ဒဏ်ရာရသွားပါတယ် တခြားထိခိုက်ဒဏ်ရာရရှိတဲ့လူမရှိပါဘူး”ဟု အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် အ.ထ.က(၉)ကျောင်းအား ယာယီပိတ်ထားမည်ဖြစ်ကာ ကျောင်းပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo – zin moe


LEAVE A REPLY

Please enter your comment!
Please enter your name here