ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှု ပေးသူများအနေဖြင့် လူနာများအတွက် ဆိုးကျိုးများမဖြစ်ပေါ်စေရန် အလေးထားဆောင်ရွက်ရမည်ဟုဆို

0
153

အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေ ရောဂါကုဆေးရုံ ၂၇၀ ရှိ​နေ

သြဂုတ် (၃) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၂/ ၂၀၂၃)တွင်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မှာကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများအနေဖြင့် မိမိ၏ ပေါ့ဆမှုကြောင့် လူနာများဆိုးကျိုးမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဆေးကောင်စီ/သူနာပြုနှင့် သားဖွားကောင်စီများမှ အသိအ မှတ်ပြုထုတ်ပေးထားသည့် ဆေးကုသခွင့်လိုင်စင်/သူနာပြု-သားဖွား သက်တမ်းရှိ လိုင်စင်ရရှိပြီးသူဖြစ်ရန်နှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ငြိစွန်းထားသူများမဖြစ်ရန်လိုအပ်‌ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံခြားသား ဆရာဝန်/သူနာပြုများ အနေဖြင့် အချိန်ပိုင်း ဝန်ဆောင်မှု ပြုလုပ်လိုပါက သက်ဆိုင်ရာကောင်စီများက အသိအမှတ်ပြုထုတ်ပေးသည့် သီးခြားသတ်မှတ် အထူးဆေးကုသခွင့် လိုင်စင်ရှိရန်လိုအပ်ကြောင်းလည်း သိရသည်။

အသုံးပြုဆေးဝါးများသည် FDA အသိအမှတ်ပြုဖြစ်စေရေးကို တိကျစွာထိန်းကျောင်းလျက်ရှိကာ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရန် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုး ကုသခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့် စစ်ဆေးခြင်း၊ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းတို့ကို ခွင့်ပြုပေးထား‌ကြောင်း သိရသည်။

ထို့အပြင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကိုလည်း ဥပဒေနှင့်အညီ ထိန်းကျောင်းရမည်ဖြစ်ကာ ပြင်ပအကူသူနာပြု သင်တန်းကျောင်းများ၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းများ ဖွင့်လှစ်နေခြင်းကို ထိန်းကျောင်းရန် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊အမိန့်နှင့် ညွှန်ကြားချက်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။

ဗဟိုအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေ ရောဂါကုဆေးရုံ ၂၇၀ ခွင့်ပြုထားပြီးဖြစ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ထားရှိရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန်ဆောင်ရွက်ထားမှသာ ဗဟိုအဖွဲ့က တစ်လအတွင်း လိုင်စင် ခွင့်ပြုပေးနိုင်မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here