သြဂုတ် (၂) ရက်က မီနီဘတ်စ်နှင့်ဆိုင်ကယ်တိုက်မှု၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား

0
131

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် သြဂုတ် (၂)ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် Mini Bus ကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်သည် ဆေးကုသမှုခံယူနေစဥ် ယနေ့ သြဂုတ် (၄) ရက်နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။

Mini Bus ကားနှင့်ဆိုင်ကယ်တိုက်မိမှုတွင် ဆိုင်ကယ်မောင်းနှင်သူနှင့် (၈) တန်းကျောင်းသူ တစ်ဦးတို့မှာ ကားအောက်တွင်ပိမိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် Grade-1 ကျောင်းသူ မယွန်းပြည့်ပြည့်အောင်(၈)နှစ်အား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒီနေ့မနက် (၅) နာရီခွဲမှာပဲ ကလေးမလေးကဆေးကုသနေရင်းသေဆုံးသွားတာပါ။ ကလေးမလေးရဲ့အမေက ဖုန်းဆက်ပြီး ပြောပြမှသိရတာ ။ တိုက်မိတဲ့အရှိန်နဲ့ သရက်ရွက် ထိသွားတယ်လို့သိရတယ်။ ကျွန်တော်ကားအောက်ထဲက ကယ်ထုတ်ခဲ့တုန်းက ခြေထောက်နဲ့ လက်နဲ့ ကျိုးနေတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံမှတဆင့် ရေဝေးသုဿန်အအေးခန်းသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သြဂုတ် (၂) ရက်နံနက် (၈) နာရီခန့်က Mini Bus ကားသည် Probox ကားအားတိမ်းရှောင်စဥ် လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်အား ဝင်တိုက်မိရာမှ (၃) ဦးသေဆုံးကာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှုခံယူရလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here