ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန် ရည်ရွယ်၍ စက်မှုထုတ်ကုန်နှင့် လျှပ်စစ်ကား (EV) ပြပွဲကျင်းပ

0
280

ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန်နှင့် ဈေးကွက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ (မိုးရာသီဈေးရောင်းပွဲတော်) ကို ယနေ့ ဩဂုတ် (၄) ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြုလုပ်သည့် အဆိုပါ မိုးရာသီဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဆန်းလင်းတို့ တက်ရောက်ခဲ့ကြပြီး လျှပ်စစ်ကား (EV) ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဥက္ကဋ္ဌ ဦးအေးဝင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“တစ်ခါတည်းတော့ ဝယ်လို့မရဘူး။ ဒီလိုအမျိုးအစားတွေရှိတယ်ဆိုတာကို ပြသတဲ့ သဘောမျိုးပါပဲ ဒီမှာက” ဟု EV အရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုးရာသီဈေးရောင်းပွဲတော်ကို ထုတ်ကုန်ပစ္စည်းပိုင်းသာမက ဈေးကွက်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန်နှင့် ဈေးကွက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် ဒေသအလိုက် ထွက်ကုန်များ၊ MSME ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ၊ အစားအသောက်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ ထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ကား (EV) များ စသည်တို့ကို ပြသ‌ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဩဂုတ်လ (၄) ရက်မှ ဩဂုတ်လ (၆) ရက်အထိ နံနက် (၇) နာရီမှ ည (၇) နာရီအထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Credit -UNFCCI


LEAVE A REPLY

Please enter your comment!
Please enter your name here