သြဂုတ် အပတ်စဥ်လိုက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကာလကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

0
275

၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားအား သြဂုတ် ၄ ရက်နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက် သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက် သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိနေသည်။

“မိခင်နို့ဟာ ကလေးအတွက် ပထမဆုံးနဲ့အကောင်းဆုံးအစာအာဟာရဖြစ်ပါတယ် ဒါ့ကြောင့် မွေးစကန ကလေးအသက် ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ခြောက်လပြည့်ပြီးနောက်၌ အသက်အ ရွယ်အလိုက် သင့်တော်သည့်ဖြည့်စွက်စာနှင့်အတူ ကလေးအသက် (၂)နှစ်အရွယ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် လိုအပ်သည်ဟုလည်း ပြောသည်။

အသက်(၅)နှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရန် အင်အားပြည့် ဗီတာမင်အေ ဆေးလုံးကို အသက်(၆)လမှ(၅)နှစ်အောက်ကလေးငယ်များနှင့်နို့တိုက်မိခင်များကို တိုက်ကျွေးခြင်း၊အသက်(၂)နှစ်အထက် ကလေးငယ်များအားလုံးကို သန်ချဆေးတိုက်ကျွေးခြင်း၊ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များကို သံဓာတ်ဆေးပြားနှင့်ဗီတာမင် ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊နို့တိုက်မိခင်များကို ဗီတာမင်ဘီဝမ်းဆေးပြားများတိုက်ကျွေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက မှာကြားခဲ့သည်၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းပြခန်းကိုကြည့်ရှုကာ အသက်(၅)နှစ်အောက်ကလေးများကို အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားများပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here