ဘန်ကောက်၊ဩဂုတ် ၄
ထိုင်းနိုင်ငံအလယ်ပိုင်း၌ ရထားသံလမ်းဖြတ်ကူးသည့် ထရပ်ကားနှင့်ကုန်တင်ရထားတို့တိုက်မိမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ရထားမောင်းသူသည် လမ်းဖြတ်ကူးစဉ်တွင် သတိပေးဟွန်းတီးခဲ့သော်လည်း ငါးများသယ်ဆောင်လာသည့်ထရပ်ကားကို အချိန်မီမရပ်တန့်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရထားမောင်းသူက စည်းမျဉ်းနှင့်အညီ အချိန်မီသတိပေးသော်လည်း နီးကပ်လွန်းသည့်အခြေအနေကြောင့် ရထားကိုအချိန်မီရပ်တန့်ရန်ခက်ခဲသဖြင့်ယခုကဲ့သို့ ဖြစ်ခဲ့ရသည်ဟုလည်းဆိုသည်။
အဆိုပါမတော်တဆမှုကြောင့် လူရှစ်ဦးသေဆုံးရာ အမျိုးသားငါးဦးနှင့်အမျိုးသမီးသုံးဦးတို့ဖြစ်ကြောင်းသိရသည်။လေးဦးဒဏ်ရာရပြီး တစ်ဦးမှာစိုးရိမ်ရသည်ဟုလည်းဆိုသည်။
ထိုင်းနိုင်ငံ၏ လူအသေအပျောက်များသော ယာဉ်မတော်တဆမှုများသည် အရှိန်လွန်ခြင်း၊ အရက်မူးပြီး မောင်းနှင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့်လည်း ကမ္ဘာ့အသေအပျောက်အများဆုံးလမ်းများစာရင်းတွင် ထိပ်ဆုံးမှရပ်တည်လေ့ရှိသည်။
Source : AFP