ဟယ်ရီပေါ်တာ စာအုပ်များထုတ်ဝေသည့် စာအုပ်တိုက်၏ ဥက္ကဌ ရေနစ်၍ ကွယ်လွန်

0
234

ဟယ်ရီပေါ်တာ စာအုပ်စီးရီးများနှင့်အခြားများစွာသောထုတ်ဝေခဲ့သည့် ဗြိတိသျှနိုင်ငံ Bloomsbury စာအုပ်တိုက်၏ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ဥက္ကဌ Adrienne Vaughan(အသက် ၄၅နှစ်)သည် အီတလီနိုင်ငံ အာမယ်လ်ဖီ ကမ်းရိုးတန်းတွင် သူမ၏ ခင်ပွန်း၊ ရင်သွေးနှစ်ဦးနှင့် အတူတကွလိုက်ပါစီးနင်းသည့် မော်တော်တိမ်းမှောက်ပြီး ရေထဲသို့ပြုတ်ကျကာ အခြားရေယာဉ်တစ်စီးဖြင့် ရေထဲတွင်တိုက်မိခဲ့ပြီး ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ကုမ္ပဏီက သောကြာနေ့တွင် အတည်ပြုခဲ့သည်။

Vaughan နှင့် မိသားစုသည် အီတလီတွင် ကြာသပတေးနေ့က မော်တော်ဖြင့် အပန်းဖြေခရီးထွက်ရင်း ယင်းမော်တော် တိမ်းမှောက်ခဲ့ကာ၊ ခရီးသွား ၈၀ ဦးတင်ဆောင်လာသည့် ၄၅ မီတာအရှည်ရှိ Tortuga ဟုအမည်ပေးထားသော ရေယာဉ်နှင့် ရေထဲတွင် ထပ်မံ တိုက်မိခဲ့ခြင်းဖြစ်သည်။ သူသည် ရေထဲသို့ ပြုတ်ကျခဲ့ပြီးနောက် Tortuga ရေယာဉ်၏ ပန်ကာများဖြင့် ခုတ်မိကာ ဒဏ်ရာပြင်းထန်စွာရသွားခဲ့ပြီးနောက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Amalfi ကမ်းခြေစောင့်တပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ခြင်းသွားရောက်ခဲ့ပြီး Vaughan ကို ရေထဲမှ ဆွဲတင်ခဲ့သော်လည်း လူနာတင် ရဟတ်ယာဉ် ရောက်ရှိလာချိန်တွင် သူမ သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဖော်ပြခဲ့သည်။ ခင်ပွန်းဖြစ်သူ မိုက်ဝှိုက်မှာမူ ပခုံးဒဏ်ရာဖြင့် ဆေးရုံတင်ထားရပြီး ရင်သွေးနှစ်ဦးမှာ ဒဏ်ရာမရရှိခဲ့ပေ။

တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here