ငွေစက္ကူအဟောင်း သိန်း (၁၀၀) အထိ လဲလှယ်သူများ နှစ်သောင်းတန် (၃) ရွက်လဲယူခွင့်ရမည်

0
413

နစကက အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် နှစ်​​သောင်းတန် ငွေစက္ကူများကို ငွေစက္ကူ အဟောင်းလဲသူများအား အကန့်အသတ်ဖြင့် လဲခွင့်ပြုမည်ဖြစ်ပြီး ငွေစက္ကူအဟောင်း သိန်း (၁၀၀) အထိ လဲသူများကို နှစ်သောင်းတန် ငွေစက္ကူ (၃) ရွက် ထည့်သွင်းလဲလှယ်ခွင့် ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

” အမတို့ အစိုးရ ဘဏ်အချင်းချင်း ပိုက်ဆံထုတ်ရင်တောင် နှစ်သောင်းတန် နှစ်ရွက်ရဖို့ကို ပိုက်ဆံအစုတ်အပြဲ သိန်း (၃၀) ပေးမှ (၂)ရွက်ပဲ ပေးတာ။၂၉ သိန်း ၆သောင်းကို ပိုက်ဆံအသစ်နဲ့ ပြန်လဲပေးမှာပါ”ဟု ဗဟိုဘဏ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

နှစ်သောင်းကျပ်တန် ငွေစက္ကူများကို ဇူလိုင်လ ၃၁ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ငွေစက္ကူအဟောင်း (၁၀) သိန်း မှ သိန်း (၃၀) အထိ လဲသူများအား နှစ်သောင်းတန် (၁) ရွက်၊ သိန်း (၃၀) မှ သိန်း(၆၀) အထိ လဲသူများအား နှစ်သောင်းတန် (၂) ရွက်၊ သိန်း (၆၀) မှ သိန်း (၁၀၀) အထိ လဲသူများ နှစ်သောင်းတန် (၃) ရွက် အသီးသီးလဲလှယ်ခွင့် ရမည်ဖြစ်သည်။

အဆိုပါ ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်(နေပြည်တော်)၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူ လဲလှယ်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၌ တရားဝင်သုံးစွဲနေသည့် ငွေစက္ကူ အသီးသီးတို့သည်လည်း တရားဝင်ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ကြောင်း နစကက ထုတ်ပြန်ထားပြီး ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုလျင်ဟောင်းနွမ်းငွေစက္ကူ ရွက်ရေ (၅၀၀) အထိလဲလှယ်နိုင်ပြီး (၅၀၀) အထက်ပိုပါက လျှောက်လွှာဖြင့်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here