မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းထုတ်ပြန်

0
313

ဂျပန်နိုင်ငံ၊ချီဘားမြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရန် AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့လက်ရွေးစင် ယူ -၁၂ အသင်း၏ အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းအား သြဂုတ် ၅ ရက်ကထုတ်ပြန်ခဲ့သည်။

U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ယှဥ်ပြိုင်ရန် ဆန်ခါတင်ကစားသမား(၂၅)ဦးအား လေ့ကျင့်မှုများပြုလုပ်စေခြင်း၊ခြေစမ်းပွဲများကစားစေခြင်းများပြုလုပ်ပြီးနောက် အပြီးသတ်ကစားသမား(၁၈)ဦးအားရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်း ကစားသမားများကို သု၀ဏ္ဏ အားကစားကွင်းလက်ရွေးစင်များအဆောင်တွင်ထားရှိကာ လေ့ကျင့်ရေးများဆက်လက်ပြုလုပ်စေခြင်း၊ခြေစမ်းပွဲများယှဥ်ပြိုင်ကစားစေခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် ဂိုး-လရောင်လင်း (ရန်ကုန်အကယ်ဒမီ)၊ဘုန်းထွန်းခန့်(ရန်ကုန်)၊ နောက်တန်း-မင်းဘုန်းသစ်(ပုသိမ်အကယ်ဒမီ)၊မြင့်မြတ်သူ(ပုသိမ်အကယ်ဒမီ)၊ရှင်းပြည့်ကျော်(မကွေး)၊စိုင်းခမ်စိုး(မန္တလေးအကယ်ဒမီ)၊ဝေယံဦး (နေပြည်တော်)၊နေဇင်မင်း(ရန်ကုန်အကယ်ဒမီ)၊ပရင့်ဒိုဒိုလျန်တောင်း(မြောက်ဒဂုံ)၊ အလယ်တန်း- ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ဇင်မင်းမြတ်သူ(ပြင်ဦးလွင်)၊အောင်လ(မန္တလေးအကယ်ဒမီ)၊နေယံထွဋ်(စစ်ကိုင်း)၊ရှိုင်း၀င်းထွဋ်(ရန်ကုန်အ ကယ်ဒမီ)၊ ရှေ့တန်း-တေဇာဖြိုး(ရန်ကုန် အကယ်ဒမီ)၊ခွန်‌ဝေဖြိုး(မန္တလေးအကယ်ဒမီ)၊အံ့မင်းမြတ်(ရန်ကုန်အကယ်ဒမီ)၊ခိုင်မြဲခန့်(ပုသိမ်အကယ်ဒမီ)တို့ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်ချုပ်၊နည်းပြအဖွဲ့၀င်(၇)ဦးနှင့်အတူ သြဂုတ် ၂၂ ရက်ညနေပိုင်းတွင် ‌ဂျပန်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ကာ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာလူငယ်အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုဒုတိယပွဲစဥ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန်နေ့လည် ၃ နာရီတွင် Daiwa House Dream လူငယ်အသင်း၊အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် သြဂုတ် ၂၅ ရက် မြန်မာစံတော်ချိန်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် JEF United Chiba U-12 လူငယ်အသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

(၁၁)ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ချီဘားမြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here