ကျိုက်ထိုတွင် ရေပြန်ကျလာ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းမှ လူဦးရေ ၃၅၂ ဦးပြန်လည်ပြောင်းရွှေ့

0
197

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် မွန်ပြည်နယ်၊ကျိုက်ထိုမြို့မှ လူဦးရေ ၃၅၂ ဦးသည် ရေပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များသို့ပြန်လည်ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေစီးဆင်းပြီး ကဒတ်ချောင်းရေ မြင့်တက်မှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်ခဲ့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သည်။

သြဂုတ် (၅) ရက်နံနက်ပိုင်းမှ စတင်ကာ ရေများပြန်လည်ကျဆင်းလာသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖြစ်သည့် အ.ထ.က(ခွဲ) ဇေယျာမွန်တွင် ရောက်ရှိခိုလှုံနေကြသော အိမ်ထောင်စု(၈၆)စုမှ အမျိုးသား(၁၇၅)ဦး၊အမျိုးသမီး(၁၇၇)ဦး စုစုပေါင်း (၃၅၂) ဦးတို့သည် နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြန်လည်ရွှေ့ပြောင်းမည့်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၁၀၀) နှုန်းဖြင့် ငွေကျပ် (၇၃၉၂၀၀)ကို ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Sinopharm များထိုးနှံပေခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီ ရေဘေးရှောင် (၃၅၂) ဦးအား လုံခြုံရေးအဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here