ဒေါနလမ်းသစ် ပြိုကျမှုဖြစ်ပွား ၊ တွဲကားတစ်စီးနှင့် အိမ်စီးကားတစ်စီး ပိမိနေကြောင်း ကနဦးသတင်းရ

0
391

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် အာရှလမ်းသစ် ၊ မြဝတီမြို့နှင့် ကောကရိတ်မြို့ကြား ဒေါနတောင်တက်လမ်းပိုင်း ၊ တောနော်ရေတံခွန်အနီးတွင် ယနေ့ ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက လမ်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကုန်တင်ယာဉ် တစ်စီးနှင့် အိမ်စီးယာဉ်တစ်စီး ပိမိနေပြီး အခြားယာဉ်များလည်း ပိတ်မိနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

” ကျွန်တော်တို့တော့ တောင်ပြိုတယ်လို့ပဲ သိရတာ။တောင်ပြိုတာက အတွဲကား တစ်စီးနဲ့ အိမ်စီးကား တစ်စီး ပိမိနေတယ်ပြောလို့ ကျွန်တော်တို့ အခုပဲ တောင်ပေါ်တက်မလို့ ။ တောနော်နားမှာတော့ ဟုတ်တယ်။တောင်ပြိုပြီး လမ်းပြိုတာ ဖြစ်မှာပါ” ဟု သင်္ဃန်းညီနောင် လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူဖြစ်သည့် ကိုစိုးမိုးဌေးက ပေါ် ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ လမ်းပိုင်းသည် ထိုင်း – မြန်မာ ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သလို မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယဉ်များ ၊ အိမ်စီးယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်း တစ်ခုလည်း ဖြစ်သည်။

ယခုကဲ့သို့ လမ်းပြိုကျမှုကြောင့် လတ်တလောတွင် ထိုင်း – မြန်မာ ကုန်စည်စီးဆင်းမှုများနှင့် ခရီးသည်တင်ယာဥ်များ သွားလာရေးမှာ ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။

အိမ်စီးယာဉ်များအနေဖြင့် ယခင် ဒေါနတောင်တက်လမ်းဟောင်းမှ သွားလာနိုင်သည့် အခြေအနေ ရှိသော်လည်း အဆိုပါ လမ်းဟောင်းတွင်လည်း လမ်းပျက်စီးမှုများ ရှိနေ၍ လွယ်ကူမည့်အခြေအနေ မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။

ဓာတ်ပုံ – ဘီဝမ်း/CJ


LEAVE A REPLY

Please enter your comment!
Please enter your name here