မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းကြီး၏ နိုင်ငံတကာပြိုင်ပွဲကာလအတွင်း မြန်မာနေရှင်နယ်လိဂ် ခေတ္တရပ်နားထားမည်

0
334

နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်ရှိနေသည့် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းကြီး၏ ဖီဖာအသိအမှတ်ပြုခြေစမ်းပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲကာလအတွင်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ‌ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် ဩဂုတ်လ ၁၇ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၃ အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၊ တောင်ကိုးရီးယားနိုင်ငံတွင်စက်တင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားမည့် AFC U-23 Men Asian Cup 2024 (Qualifier) ပြိုင်ပွဲ၊ စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကျင်းပသွားမည့် 19th Asian Games 2022 ပြိုင်ပွဲကိုအသီးသီး ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ထို့အတူ မြန်မာ့လက်ရွေးစင်စီနီယာအသင်းကြီးသည်လည်း ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲများအဖြစ် စက်တင်ဘာ ၈ ရက်၊ ၁၁ ရက်များတွင် နီပေါလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်သွားမည့်အပြင် အောက်တိုဘာ ဒုတိပတ်အတွင်း မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်သွားရမည့် ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်)နှင့် အာရှဖလား ၂၀၂၇ ခြေစစ်ပွဲအဆင့်ကို ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းများ ပြိုင်ပွဲအကြို လုံလောက်သော ကြိုတင်ပြင်ဆင်မှုရရှိရန်နှင့် အောင်မြင်မှုရရှိစေရန်အတွက် ကလပ်အသင်းများ၏ သဘောတူညီမှုဖြင့်အမှတ်ပေးပြိုင်ပွဲကို ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ Week-16 ပွဲစဉ်များကို စက်တင်ဘာ ၁၅ ရက်တွင် ပြန်လည်ကျင်းပ၍၊ Week-17 ပွဲစဉ်များကို ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်) ပွဲစဉ်များအပြီး အောက်တိုဘာ ၂၀ ရက်မှသာ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here