မြန်မာနိုင်ငံတွင် ဒေသအလိုက်တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြ၍ ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် ဒေသကိုအခြေခံ၍ဆောင်ရွက်ရမည်

0
241

သြဂုတ် ၈ ရက်နံနက်ပိုင်းက​နေပြည်​တော်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ပြန်လည်ဖွဲ့စည်းလိုက်​သောဝန်ကြီးဌာနများမှတာဝန်ရှိသူများအား နစက ဥက္ကဋ္ဌမှတွေ့ဆုံ၍ တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့်ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုဖြစ်သည်ဟု ဆိုသည်။

“တိုင်းနဲ့ပြည်နယ်များအားလုံးမှာ တိုင်းရင်းသားတွေအားလုံးစုစည်းနေထိုင်ကြပါတယ်၊ ဒါ့ကြောင့် ဒေသအလိုက်တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြလို့ ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာမှာ လူမျိုးကိုအခြေခံလို့မရဘဲ ဒေသကိုအခြေခံပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာကြည့်ပါကသိရှိနိုင်မည်ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်၍ ပြည်သူအများဆန္ဒနှင့်ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့်အချက်များကို ပြုပြင်ရန် တပ်မတော်က သဘောတူညီထားပြီဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့်ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဆောင်ရွက်နိုင်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here