လျှပ်စစ်ဓာတ်အားကို နိုင်ငံလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဟု နစက ဥက္ကဋ္ဌပြော

0
299

အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသောလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများရှိ

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၈ ရက်နံနက်ပိုင်းက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများလုံ လောက်စွာရရှိရန်လိုကာ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသည်ဟု ဆိုသည်။

“အဲဒီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ယခုအချိန်မှာ မိမိတို့နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ် ဒါ့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေနဲ့ရှိနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်လေအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်၍ စားရေရိက္ခာဖူလုံမှုရှိစေရေး၊လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ပညာရည်မြင့်မားစေရေး၊သက်ရှည်ကျန်းမာမှုရှိစေရေးနှင့်လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု ဆိုသည်။

ထို့ပြင် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများကောင်းမွန်ရေးဆောင်ရွက်ပေးရန်လိုကာ ဆက်သွယ်မှုကွန်ရက်များလည်းကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက်များကို တည်ဆောက်ရမည်ဟု မှာကြားသည်။

ထို့အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းများကောင်းမွန်နေရေးကိုလည်း အလေးပေးဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here