ကားလမ်းရေကျော်နေမှုကြောင့် ဘီးလင်းမြို့နယ်အတွင်းမှ ကျုံအိတ်တံတားကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

0
248

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရန်ကုန် – မော်လမြိုင် ကားလမ်းရေကျော်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ရွှေရောင်ပြကျေးရွာနှင့် ကျုံအိတ်တံတားကြားတွင် ရေကျော်နေမှုကြောင့် ကျုံအိတ်တံတားကို ယနေ့ ဩဂုတ်လ (၉) ရက် နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။‌

“မိုးကလည်း မပြတ်ရွာနေတာရယ်၊ တောင်ကျရေဆင်းတာရယ်၊ မြစ်ရေတိုးလာတာရယ်နဲ့ ကားလမ်းပေါ်ရေကျော်နေတာကြောင့် ဖြတ်သန်းသွားလာတဲ့ကားတွေ အန္တရာယ်ကြုံတွေ့နိုင်လို့ ဖြတ်သန်းခွင့်ယာယီပိတ်ထားတာဖြစ်မယ်”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

လတ်တလောတွင် ကျုံအိတ်တံတားအား ဖြတ်သန့်ခွင့်ပိတ်ထားသည့်အတွက် ခရီးလမ်းပြတ်တောက်နေမှုကြောင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ ပြသနာများရှိပါက ပဲခူးနှင့် ရန်ကုန်သို့သာ သွားရောက်ပြသကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် မြို့တွင်းရပ်ကွက်များ၊ ကျေးရွာများတွင်သာမက ရန်ကုန် – မော်လမြိုင်ကားလမ်းမကြီးပေါ်၌ပါ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးသင့်ဒေသခံ ၈၀၀၀ကျော် အထိရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်တွင်း၌သာမက သထုံမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လာရာလမ်း၊ ရန်ကုန် – မော်လမြိုင်အဝေးပြေး ကားလမ်းမတစ်လျှောက်တွင် လေးနေရာအထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ကျုံအိတ်တံတားအနီး၊ ရေကြီးရေလျှံနေသော နေရာ၌ ရေစီးနှင့် မျောပါမှုကြောင့် ကုန်ကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်၌ ကားလမ်းရေကျော်နေမှုကြောင့် အိမ်စီးကားများ၊ အဝေးပြေးခရီးသည်တင်ကားများ၊ ကုန်တင်ကားများနှင့် အခြားကားများမှာ ရောက်ရှိသည့်နေရာများ၌ ရပ်တန့်ထားရပြီး ရေပြန်လည်ကျဆင်းကာ ဖြတ်သန်းခွင့်ပြုမည့်အချိန်အား စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ကားတန်းကြီးက နှစ်ဘက်လုံးမှာ အရှည်ကြီးပဲဖြစ်နေပြီ။လုံခြုံရေးယူထားတဲ့ လူတွေကော မီးသတ်တပ်ဖွဲ့ဝင်တွေကော လူမှုကူညီရေးအသင်းဝင်တွေကော လိုအပ်တာတွေလုပ်နေကြတာတွေ့တယ်။ ရေကျသွားရင်တော့ ဖြတ်ခွင့်ပြုမယ်လို့ကြားတယ်”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦးက ပြောသည်။

ကျုံအိတ်တံတားသည် ဇွန်လ (၂၉) ရက် မနက် (၄) နာရီခန့်တွင် မိုင်းခွဲခံရကာ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ပြီး ယင်းတံတားကို ပြန်လည်ပြုပြင်ရန် ပြင်ဆင်နေစဉ်အတွင်း ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ပြင်ဆင်မှုရပ်နားထားခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သေးသည်။

Photo-မြို့နယ်ကျန်းမာရေးဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here