မိုးသည်းပြီး တောင်ကျရေများ၍မြစ်ရေမြင့်တက်ကာ ဘားအံတွင် နေအိမ်များအတွင်းရေဝင်နေ

0
412

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ မြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများနှင့်လမ်းများပေါ်တွင် ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“မိုးရွာပြီး တောင်ကျရေဆင်းတော့ မြစ်ရေလည်းမြင့်တက်သွားတဲ့အတွက် အိမ်တွေထဲကို ရေဝင်နေတာ။ လမ်းတွေပေါ်မှာဆိုရင်လည်း ရေတွေအတော်တက်နေတဲ့အတွက် ဒီနေ့ဆိုရင် လှေတွေနဲ့ သွားလာနေကြရတာတွေ့တယ်။ ဘားအံမြို့မှာရှိတဲ့ ရပ်ကွက်အကုန်လုံးနီးပါး ရေတွေဝင်နေပါတယ်”ဟု ဘားအံမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဘားအံမြို့အတွင်း၌ ရေဝင်ရောက်မှုများပြားနေသည့် နေအိမ်များတွင် နေထိုင်သူများအား တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

“အခု ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့လူတွေ ထောင်ချီရှိနေတယ်။ ကျွန်တော်တို့လည်း လိုအပ်တာတွေကူညီပေးနေပါတယ်။ အဓိက ကလမ်းတွေပေါ်မှာရေ ကျော်နေတဲ့အတွက် သွားလာသူတွေ အန္တရာယ်မရှိအောင် အတတ်နိုင်ဆုံးကူညီပေးနေပါတယ်။ လမ်းအမှတ်အသားတွေလည်းလုပ်ပေးနေတယ်” ဟု ဘားအံမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိခိုလှုံနေသူများအား ပြည်နယ်တာဝန်ရှိသူများမှလည်း အရေးပေါ်လိုအပ်သည့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here