ကာလုံအစည်းအဝေး တက်ခဲ့သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအား NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းကြေညာ

0
410

ကာလုံအစည်းအဝေး တက်ခဲ့သည့် အကြောင်းပြချက်ဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။

ပါတီ ဥက္ကဋ္ဌနှင့် ဒုတိဒုဥက္ကဋ္ဌ အပါအဝင် ပါတီ ဗဟိုအလုပ်မှုဆောင်များနှင့် ပါတီဝင် အမြောက်အများ ဖမ်းဆီးခံထားရချိန်တွင် နစကနှင့် ပူးပေါင်းမှုကြောင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် ဩဂုတ်လ (၈) ရက်ကပြုလုပ်သည့် ဒုတိယ ဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်စတင်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း ကာလရှည် ပျောက်ကွယ်နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်က ပြုလုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကာလုံအစည်းအဝေး တက်ရောက်ပူး​ပေါင်းခြင်းသည် NLD ပါတီ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို လိုက်နာပါမည်ဟု ကတိသစ္စာပြုထားမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကို အလေးအနက်ထားလိုက်နာပါမည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်သူအပေါ် ကတိသစ္စာပြုထားမှုကိုလည်း ချိုးဖောက်ရာရောက်သည်ဟု NLD ပါတီက ပြောဆိုထားသည်။

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ဒုတိယသမ္မတ ဖြစ်လာသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းတွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ကာလရှည် ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

NLD ပါတီသည် နစက ၏ ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ခြင်းမရှိသည့်အတွက် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီတစ်ခုလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here