ရေးမြို့နယ်တွင် လဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွား ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

0
258

မွန်ပြည်နယ်၊ရေးမြို့နယ်၊အစင်ကျေးရွာတွင် အမည်မသိအမျိုးသားများမှ သြဂုတ် ၉ ရက်နံနက်ပိုင်းက လဖက်ရည်ဆိုင်အတွင်းသို့ သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့နံနက် ၈ နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား ၂ ဦးသည် ရေးမြို့နယ်၊အစင်ကျေးရွာတွင်ဖွင့်လှစ်ထားသည့် “ဦးချစ်ဆွေ”လဖက်ရည်ဆိုင်အတွင်းသို့ ရောက်ရှိလာကာ ဆိုင်အတွင်းလဖက်ရည်သောက်နေသူများအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆိုင်အတွင်းလဖက်ရည်သောက်နေသူများအနက် အမျိုးသား ၂ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သေနတ်နဲ့ဝင်ပစ်တဲ့လူတွေက မြို့ဟောင်းကုန်းကျေးရွာဘက်ကနေလာတာလို့သိရပါတယ် လဖက်ရည်ဆိုင်ထဲကိုဝင်ပစ်တာ ၁၅ ချက်လောက်ရှိတယ်လို့သိရတယ် သေဆုံးသူ ၂ ယောက်က ဦးယဥ်ဝေနဲ့ဦးအောင်သိန်းလို့သိရပါတယ် လုံခြုံရေးအဖွဲ့တွေလာပြီးစစ်ဆေးသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုမျပြုလုပ်ကာ သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းဝင်များက ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here