တရုတ်နိုင်ငံခြားရေးဝန်ကြီး စင်္ကာပူ၊မလေးရှားနှင့်ကမ္ဘောဒီးယားနိုင်ငံများသို့သွားမည်

0
199

စင်္ကာပူ၊ဩဂုတ် ၉

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမြင့်မားစေရေးအတွက် ပေကျင်းဖက်မှကြိုးစားနေသဖြင့် အသစ်ပြန်လည်ခန့်အပ်ထားသော တရုတ်နိုင်ငံခြားရေးမစ္စတာဝမ်ယီသည် စင်္ကာပူ၊မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်ဘာလားခရစ်ရှ်နန်၏ ဖိတ်ကြားမှုအရ မစ္စတာဝမ်ယီသည် စင်္ကာပူနိုင်ငံခရီးစဉ်အား ဩဂုတ်လ ၁၀ ရက်နေ့တွင်စတင်မည်ဟုဆိုသည်။

စင်္ကာပူခရီးစဉ်၌ မစ္စတာဝမ်ယီသည် စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ဒုဝန်ကြီးချုပ်မစ္စတာလောရန့်‌စ်ဝေါင်းတို့နှင့်ပါ သီးသန့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မစ္စတာဝမ်ယီသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကာ ခုနစ်လကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မစ္စတာချင်ဂန်အပြီး ပြန်လည်ရွေးချယ်ခန့်အပ်ခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

မစ္စတာဝမ်ယီ၏ အရှေ့တောင်အာရှသုံးနိုင်ငံခရီးစဉ်သည် ကြာသပတေးနေ့မှစနေနေ့အထိဖြစ်ပြီး ယခုခရီးစဉ်မှတစ်ဆင့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်လည်းရည်ရွယ်ကြောင်းဝန်ကြီးဌာနကဆိုသည်။

Source : စီအင်န်အေ/အေအက်ဖ်ပီ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here