ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ရွှေဈေးပါ (၃၇) သိန်းကျော်အထိ လိုက်လံမြင့်တက်လာ

0
255

ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းပါလိုက်လံ မြင့်တက်လာပြီး ယနေ့ ဩဂုတ်လ (၁၀)ရက် ဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သား (၃၇) သိန်းဝန်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေပြီး ဈေးဆက်တက်မည့် အလားအလာရှိနေကြောင်း  နိုင်ငံခြားငွေဈေးကွက်အတွင်းမှ သိရသည်။

“ဒေါ်လာဈေး တက်လာတယ်ရယ်၊ UOB ဘဏ်ကိစ္စဆိုတာရယ်​ကြောင့် ရွှေဈေးက တက်လာတာ။ ပြီးတော့ နိုင်ငံခြားကနေ အလုပ်သမားတွေ ငွေလွှဲတာ သင်္ဘောသားတွေကငွေလွှဲတာတွေရှိတယ်။ ဘဏ်တွေကနေ သတ်မှတ်ပေါက်ဈေးထက် ပိုပေးပြီးဝယ်ကြတော့ ဒေါ်လာကဈေးတက်လာတာဖြစ်ပါတယ်။ ပြီးတော့ မိုးတွင်းဆိုတော့ ရွှေကုန်ကြမ်းတွေက အဝင်နည်းတယ်။ လိုသလောက်မရဘူး အဲဒါတွေကြောင့်လည်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ဩဂုတ်လ (၈) ရက်အထိ ပြင်ပစျေးကွက်အတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅၄၀၀၀၀ နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ရွှေဈေးတတ်တာကတော့ အပြင်မှာ အမျိုးမျိုး ပြောနေကြတာပဲ။ ‌တချို့ကကျ‌တော့ ဒေါ်လာဈေးတတ်လို့ တတ်တယ်ပြောတယ်။ တချို့ကျတော့ ၂၀၀၀၀ တန်ကိစ္စရော စင်ကာပူဘဏ်က ပိတ်လိုက်တယ်ဆိုတာကြောင့်ရော အမျိုးမျိုးပေါ့။ သိတဲ့အတိုင်းပဲ အပြင်မှာလည်း ကောလာဟလက အမျိုးမျိုးတွေပြောနေကြတာ။ အရောင်းအဝယ်ကတော့အေးပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ကမ္ဘာ့ရွှေစျေးမှာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ် ကျဆင်းနေသော်လည်း ပြည်တွင်းရွှေစျေးကွက်၌မူ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေမှုနှင့် ဈေးကစားရန် ကြိုးစားမှုများ ရှိနေခြင်းကြောင့် ရွှေစျေးနှုန်း တည်ငြိမ်မှုမရှိဘဲ ဖြစ်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။သို့​သော်လည်းကားစျေးကျလာ​နေ​ကြောင်းလည်း ကြားသိရသည်။

ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် ၁၉၁၈ ဒေါ်လာ အထိ ကျဆင်းလာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂ သိန်းအထက်တွင်ရှိနေဆဲဖြစ်သည်။

အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေမှုနှင့်အတူ အခြားနိုင်ငံခြားငွေလဲနှုန်းများလည်း မြင့်တက်လျက်ရှိကာ ဩဂုတ် (၁၀) ရက်ငွေလဲနှုန်းမှာ ထိုင်းတစ်ဘတ်လျှင် ၉၉.၅၀ ကျပ်၊ တရုတ်ယွမ်ငွေတစ်ယွမ်လျှင် ၄၇၄ ကျပ်၊ မလေးရှားရင်းတစ်ရင်းဂစ်လျှင် ၇၆၅ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄.၃၇ ကျပ်တို့ အသီးသီးရှိနေကြောင်း ပြင်ပငွေလဲလှယ်ရေးစျေးကွက်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here