သာကေတ (၈) ထိပ်မှတ်တိုင်အနီးတွင် YBS ၊ အိမ်စီးကားနှင့် ဘေးတွဲဆိုင်ကယ် တိုက်မိကာ (၂) ဦးဒဏ်ရာရ

0
157

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ်ရှိ (၈) ထိပ်မှတ်တိုင်အနီးတွင် ယနေ့ သြဂုတ် (၁၀) ရက်ပိုင်းက ခရီးသည်တင် YBS ကား၊ အိမ်စီးကားနှင့်ဘေးတွဲဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်တွင် လိုက်ပါလာသည့် အသက် (၂၀)နှစ်ခန့်ရှိ အမျိုးသားနှင့်ဘေးတွဲ ဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတို့တွင် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်အောင်သပြေ လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“YBS ပေါ်ကတော့ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိဘူး။ အိမ်စီးကားပေါ်က တစ်ယောက်ရယ်၊ မှတ်တိုင်နားမှာ ရပ်ထားတဲ့ဘေးတွဲဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ တစ်ယောက်ရယ်၊ (၂) ယောက်ဒဏ်ရာရတယ် ။ နှစ်ယောက်လုံး ခေါင်းမှာထိခိုက်ဒဏ်ရာရထားပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ မိတ်ဖက်အသင်းဝင်များနှင့်အတူ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ကားလမ်းပိတ်ဆို့နေမှုနှင့် ထိခိုက်ပျက်ဆီးသွားသော ပစ္စည်းများကို ယာဉ်သွားမှု အခက်အခဲမဖြစ်စေရန် ရှင်းလင်းပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here