ရက်ပိုင်းအတွင်း ထိုင်းဘတ်ဈေး တဟုန်ထိုးမြင့်တက်ကာ ထိုင်းငွေ (၁) ဘတ် မြန်မာကျပ်ငွေ (၁၀၀)အထိရောက်လာ

0
1403

ထိုင်း – မြန်မာ ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းဖြစ်သည့် မြဝတီ လမ်းကြောင်းမှ ကုန်စည်ပို့ဆောင်မှုရပ်ဆိုင်းလုဖြစ်နေချိန်တွင် ထိုင်းဘတ်ငွေဈေးနှုန်း တဟုန်ထိုး မြင့်တက်လာပြီး ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ (၁၀၀) ကျပ်ကျော်အထိမြင့်တက်သွားကြောင်း မြဝတီနယ်စပ် ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းသစ်တွင် လမ်းပြိုကျကာ ထိုင်း – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်း‌နေခြင်းလည်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ (၁၀) ရက် ညနေပိုင်း ထိုင်း – မြန်မာ ငွေလဲဈေးကွက်အတွင်း မြန်မာငွေ ကျပ် (၁)သိန်းလျှင် ထိုင်း ဘတ်ငွေ (၉၉၅) ဘတ်သို့ မြင့်တက်လာပြီး ယင်းဈေးနှုန်းအရ တွက်ချက်မည်ဆိုပါက ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ (၁၀၀.၅၀) ကျပ် ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်အထိ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ထိုင်းငွေ (၁၀၃၀) ဘတ်ဖြင့် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ (၉၇) ကျပ်ကျော် ဈေးပေါက်နေရာမှ ညနေပိုင်းတွင် (၉၉၅) ဘတ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း မြဝတီငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

” ဘတ်တွေ ဈေးတအားတက်နေတယ်။ ခုညနေပိုင်းမှာ ၁၀၀ ကျော်သွားပြီ။ တစ်သိန်းကို (၉၉၅) ဘတ်ပေါ့။ ငွေဈေးကို သေချာ‌ နားထောင်ပြီးမှ အလုပ်လုပ်စေချင်ပါတယ်” ဟု မြဝတီမြို့မှ ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူကပြောသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်းသစ်၏ ဒေါနတောင်တက်လမ်းပိုင်း ပြိုကျခဲ့သည့် ဩဂုတ်လ (၇) ရက်အထိ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ထိုင်းငွေ (၁၀၅၀) ဘတ် ရှိခဲ့ပြီး အဆိုပါ ဈေးနှုန်းအရ တွက်ချက်မည်ဆိုပါက ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ (၉၅) ကျပ် ဖြစ်ကြောင်း သိရသည်။

ထိုင်း – မြန်မာ ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်/သွင်းကုန် လိုင်စင်ရရှိထားပြီးသူများအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများကို အခြား ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများနှင့် ပယ်လယ်‌ရေကြောင်းမှတဆင့် ပို့ဆောင်သယ်ယူနိုင်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယမန်နေ့ ဩဂုတ်လ (၉) ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းလည်း ဆက်တိုက်မြင့်တက်လာပြီး ယနေ့ ဩဂုတ်လ (၁၀) ရက် နံနက်ပိုင်း ရန်ကုန်ငွေလဲဈေးကွက်တွင် အမေရိကန် (၁) ဒေါ်လာ မြန်မာငွေ (၃၅၀၀) ကျပ်အထိ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here