ဒရုံးတပ်ဖွဲ့ အောင်မြင်ပြီးနောက် စက်ရုပ်တပ်ဖွဲ့ဖြစ်သော အီလက်ထရွန်းနစ် စစ်ရေးတပ်ဖွဲ့ တည်ထောင်ရန် ယူကရိန်းစဉ်းစားနေ

0
234

ယူကရိန်းနိုင်ငံမှ ဒရုန်းလေယာဉ်များ၏ စစ်ရေး နယ်ပယ်တွင် အောင်မြင်ခဲ့သော အတွေ့အကြုံများကို အခြားသော စစ်ဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှု နယ်ပယ်များဆီသို့ ချဲ့ထွင်ရန်နှင့် မိမိတို့ တပ်မတော် အနေဖြင့် နည်းပညာအရ အင်အားကောင်းလာစေရန်အတွက် နိုင်ငံတော်အား ကူညီနိုင်သည့် အဖွဲ့များအား ပူးပေါင်းဆောင်ရွက်ရန် ယူကရိန်းနိုင်ငံ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

ဆန်းသစ်တီထွင်မှုများ၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဆိုင်ရာ ဝန်ကြီး Mykhailo Fedorov က ကိယက်ဗ်မြို့ရှိ iForum IT ကွန်ဖရင့်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ကတည်းက မောင်းသူမဲ့လေယာဉ် UAV တွေရဲ့ နယ်ပယ်မှာ နည်းပညာတော်လှန်ရေးတစ်ခု စတင်နေပါပြီ။ Army of Drones ပရောဂျက်ရဲ့ မူဘောင်အတွင်းမှာ၊ ရင်းနှီးမြှုပ်နှံမှုကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပြီး ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအားလုံးကို ချောမွေ့စေခဲ့ပါတယ်။ ယူကရိန်းနိုင်ငံက ကုမ္ပဏီတွေဟာလဲ UAV ထုတ်လုပ်မှုကို အဆ ရာနှင့်ချီပြီး တိုးမြှင့်ခဲ့ကြပါတယ်” ဟု Fedorov ကဆိုသည်။

”ဒါပေမဲ့ စစ်ပွဲကိုအနိုင်ရဖို့ ဒီထက်မကလုပ်ဖို့ လိုအပ်တယ်” ဟုလည်း သူကအလေးပေးပြောကြားခဲ့သည်။

“ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေတိုးတက်ဖို့နဲ့ သူတို့ရဲ့ အလားအလာတွေကို ဖြန့်ကျက်ဖို့ နည်းပညာမှာ ပါ၀င်နေသူတွေ ကျွမ်းကျင်သူတွေအားလုံး အရေးတကြီး လိုအပ်နေပါတယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“နောက်ထပ်လုပ်ဖို့ကတော့ UAV နယ်ပယ်က အတွေ့အကြုံတွေကို စစ်ဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုရဲ့ တခြားနယ်ပယ်တွေအထိ ချဲ့ထွင်ဖို့နဲ့၊ E-warfare Army စက်ရုပ်တပ်ဖွဲ့တစ်ခုတို့ကို ချဲ့ထွင်တည်ထောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ နည်းပညာအားကောင်းလာစေဖို့အတွက် ကူညီပေးနိုင်သူတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” ဟုလည်း Fedorov က ထပ်လောင်းပြောကြားခဲ့သည်။

အစီရင်ခံချက်အရ၊ ယူကရိန်း ဝန်ကြီးများအဖွဲ့သည် ယခုနှစ်အတွင်း ပြည်တွင်း၌ ဒရုန်းများထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ယူကရိန်းငွေ UAH ၄၀ ဘီလီယံကို ခွဲဝေချထားပေးခဲ့သည်။ ကန်ဒေါ်လာ ၁ ဒေါ်လာသည် ယူကရိန်းငွေ ၃၆ ဒသမ ၈၈ UAH(Ukrainian Hryvnia)နှင့် ညီမျှသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here