၇ နှစ်တာ ဂီတခရီး နဲ့ Bobby Soxer သုံးသပ်စကား

0
171

boby-ss

၂ဝဝ၉ ခုနှစ်လောက်ကစတင်ပြီး ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော် Bobby Soxer ရဲ့ ဂီတသက်တမ်းက အခုဆိုရင် ၇ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူမသီချင်းစဆိုတုန်းကဆိုရင် Rap တွေရွတ်တာမြန်တဲ့ ဆယ်ကျော်သက် ကောင်မလေးဆိုပြီး ပရိသတ်က ချစ်ကြတယ်။ အခုဆို အသက် ၂၁ နှစ်ပြည့်လို့ ၂၁ စီးရီးခွေထွက်တာတောင် တစ်နှစ်ခွဲလောက်ရှိခဲ့ပြီဆိုတော့ ကာလတစ်ခုမှာ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို Bobby Soxerက..

” ညီမကို ငယ်ငယ်လေးကတည်းကနေ ဒီနေ့ဒီအချိန်ထိ သီချင်းဆိုခွင့် ပေးထားတယ်၊ ဖျော်ဖြေခွင့်ပေးထားတယ်ဆိုတာ ပရိသတ်တွေ အားပေးနေလို့ပါ။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဆိုပါတယ်။ အရင်က Bobby Soxer နဲ့ အခု Bobby Soxer ဘာတွေပြောင်းလဲသွားပြီလဲလို့ ဆိုတော့..

” ညီမအနေနဲ့ကတော့ ကိုယ့် ကိုယ်ကိုယ် တအားကြီး ကြီးကြီးမားမား ပြောင်းလဲသွားတယ်လို့ မခံစားရပါဘူး။ အနုပညာပိုင်းမှာလည်း ညီမသွား နေတဲ့ ပုံစံ၊ ညီမ ဖန်တီးတဲ့ အနုပညာကလည်း ကြီးကြီးမားမား ပြောင်းလဲသွားတာတော့ မရှိပါဘူး” လို့ သူမကပြောပါတယ်။ သီချင်းအသစ်တွေ မထွက်တာကြာတဲ့ Bobby Soxer က Ve Ve 20th Anniversary စီးရီးခွေထဲမှာ ပါဝင်သီဆို ထားပြန်ပါတယ်။

” ညီမလည်း ဒီမှာပါမယ့် သီချင်းတွေကို အား ရပါတယ်။ အားလည်း အားထားတယ်ပေါ့ နော်။ သီချင်းလည်း မထွက်တာကြာပြီဆိုတော့ ဒီသီ ချင်း လေးကို ညီမ သေသေချာချာလေးအားစိုက်ပြီးလုပ်ထားပါတယ်” လို့ သူမကသီချင်းအသစ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။မျက်လုံးထိခိုက်ထားတာကကော ကောင်းသွားပြီလားလို့ မေးတဲ့အခါ “အခုကတော့ သက်သာသွားပါပြီ” လို့သူမကဖြေပါတယ်။ ၂၁ အမ်တီဗီကို မျှော်နေကြတဲ့ ပရိသတ်တွေကိုကော ဘာပြောချင်ဦးမလဲလို့ မေးတဲ့အခါ..

” ၂ဝ၁၇ ဇန်နဝါရီမှာဆိုရင် ညီမရဲ့ ၂၁ အမ်တီဗီထွက်ရှိမယ်။ ပြီးသွားလို့ရှိရင် ညီမရဲ့ ဒုတိယ Audio ကိုအတတ်နိုင်ဆုံး၊ အမြန်ဆုံး ဖြစ်အောင်ထွက်ရှိပါမယ်။ ၂၁ အမ်တီဗီ ကတော့ ပုံဖော်ထားတာဖြစ်တဲ့အတွက် နည်းနည်းတော့ ပြောပြရခက်တယ်။ ဘယ်လိုလေး ရိုက်ကူးထားတယ်ဆို တာကိုလေ။ အဓိကကတော့ ညီမကသီ ချင်းတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် ရသမတူ အောင်၊ ပရိသတ်ကြည့်ရတာ မပျင်းအောင်ရိုက်ကူးထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here