မိုခါမုန်တိုင်းကြောင့် မြန်မာတွင် ကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိခဲ့ဟု
ကမ္ဘာ့ဘဏ်ဖော်ပြ

0
153

ပြီးခဲ့သည့် မေလ ၁၄ ရက် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ရိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ၂၄ ဘီလီယံ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းကမ္ဘာ့ဘဏ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ၌ အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ရိုက်ခတ်မှုအပြီး ပျက်စီးဆုံးရှုံးမှုအကဲဖြတ်ရန် ဆောင်ရွက်ခဲ့သော ရလာဒ်များကို ‌ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှပြီး ၎င်းတွင် လူနေအိမ်နှင့် လူနေမဟုတ်သော အဆောက်အအုံများ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ပါဝင်‌သည်။

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပျက်စီးမှု ၈၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်သည် ခရိုင်ခုနစ်ခုနှင့် ၁၇ မြို့နယ်တွင် ထိခိုက်မှု ၁ ဒသမ ၂ သန်းခန့်ရှိပြီး အဆိုးရွားဆုံး ထိခိုက်မှုဖြစ်ခဲ့ကြောင်း၊ထို့ပြင် ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDP) စခန်းများတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် နိုင်ငံအနောက်နှင့် အနောက်မြောက်ဘက်ရှိ ပြည်နယ်/တိုင်းဒေသကြီးငါးခုတွင် သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု၏ အဓိကအရင်းအမြစ်မှာ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ကျန်းမာရေး အထောက်အကူပြု အဆောက်အအုံများ၊ ကျောင်းများ၊ ဆက်သွယ်ရေး ကွန်ရက်များနှင့် သယ်ယူပို့ဆောင်ရေး စနစ်များ အပါအဝင် ထိခိုက်ပျက်စီးမှု များပြားသည့် ဒေသများ အနှံ့အပြားတွင် အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသအများအပြားတွင် ဖြစ်ပွားနေသော ပဋိပက္ခသည် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုများကို ပိုမိုဆိုးရွားစေပြီး တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here