မော်လမြိုင်မြို့ရှိ မီးလောင်ပျက်စီးသွားသော အ.ထ.က(၉)၏ ကျောင်းဆောင်များအား ၂ လအတွင်းအပြီးတည်ဆောက်မည်

0
401

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းဘဲတန်းရပ်ကွက်ရှိ မီးလောင်ပျက်စီးသွားသော အမှတ်(၉)အခြေခံ ပညာအထက်တန်းကျောင်း၏ ကျောင်းဆောင်များအား ၂ လအတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ဆောက်ရန်လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှ သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးတာဝန်ခံများ၊ကျောင်းအကျိုးတော်ဆောင်များမှ ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းဆောင်များဆောက်လုပ်ရာတွင် သတ်မှတ်ကာလ (၂)လတာအတွင်း အချိန်မီပြီးစီးရန်၊ကျောင်းသား/ကျောင်းသူများ စာသင်ကြားမှုအခက်အခဲမရှိစေရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ မီးလောင်ကျွမ်းခဲ့သည့် ကျောင်းဆောင်များအတွင်း မလိုအပ်သည်များဖယ်ရှားခြင်း၊ကျောင်းဆောင်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မော်လမြိုင်မြို့ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသည် သြဂုတ် ၄ ရက်က မီး လောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊စာရေးအခန်းနှင့်စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊သွပ်မိုး၊ပျဉ်ခင်း/ပျဥ်ကာ (၂)ထပ်အဆောက်အဦ(၁)လုံး၊ စာသင်ခန်း(၇)ခန်း၊နားနေဆောင်(၁)ခန်းပါ အောက်ထပ်အုတ်ညှပ်၊သွပ်မိုး၊ ပျဉ်ခင်း/ပျဥ်ကာ (၃)ထပ်အဆောက်အဦ(၁)လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် မီးလောင်ပျက်စီးသွားသည့် ၂ ထပ်စာသင်ဆောင်အား ၁ ထပ်ကျောင်းဆောင်၊ ၃ ထပ်စာသင်ဆောင်အား ၂ ထပ်ကျောင်းဆောင်တို့အဖြစ် ပြန်လည်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here