အမျိုးသားပြတိုက်(နေပြည်တော်) တွင်မြန်မာနိုင်ငံ၏ သမိုင်းစဉ်အဆက်ဆက်ကိုလေ့လာနိုင်

0
477

နေပြည်တော်ရှိ အမျိုးသားပြတိုက် (နေပြည် တော်)အား ပြခန်း(၁၃)ခန်းဖြင့်ဖွင့်လှစ်ပြသထားရာ ယင်းပြခန်းများ၌ မြန်မာနိုင်ငံ၏ ရှည်လျား၍ စဉ်ဆက်မပြတ်သည့် သမိုင်းစဉ်အဆက်ဆက်ကိုလေ့လာနိုင်ကြောင်း သိရသည်။

ထိုသို့ လေ့လာနိုင်သည့် အမျိုးသားပြတိုက်(နေပြည်တော်)အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်မှ သြဂုတ် ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာတို့၏ အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားမှု၊အဆင့်အတန်းမြင့်မားပြီး ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့်မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို တစ်နေရာတည်းတွင် လေ့လာသိရှိနိုင်ရန်ပြတိုက်များကို တည်ဆောက်ပြသရခြင်းဖြစ်သည်ဟု ပြောသည်၊

ထို့ပြင် အမျိုးသားပြတိုက် (နေပြည်တော်)တွင် ခင်းကျင်းပြသထားသည့် လက်ဆောင်ပစ္စည်းများပြခန်း၊ပရိုင်းမိတ်နှင့်ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊သမိုင်းမတင်မီခေတ်(ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်)ပြခန်း၊သမိုင်းတင်ခေတ်ဦး(ဘီစီ ၂ ရာစု – အေဒီ ၉ ရာစု)ပြခန်း၊သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု – ၁၄ ရာစု)ပြခန်း၊မြန်မာပန်းချီပြခန်း၊မြန်မာ့အနုသုခုမပြခန်း၊သီဟာသနပလ္လင် ပြခန်း၊ဗုဒ္ဓအနုပညာပြခန်းနှင့်နိုင်ငံတော်အကြီး အကဲများ၏ မော်တော်ယာဉ်များပြခန်း၊လက်မှုအနုပညာပြခန်း၊အာဆီယံပြခန်းနှင့်ကလေးသူငယ်ပညာပေးပြခန်းတို့သည် မြန်မာနိုင်ငံ၏ ရှည်လျား၍စဉ်ဆက်မပြတ်သည့် သမိုင်းစဉ်အဆက်ဆက်ကိုလေ့လာနိုင်မည်ဟု ပြောသည်။

ထို့ပြင် မိမိတို့ ဘိုးဘေးများ၏ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာစေခြင်းနှင့်မြန်မာနိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်လာစေမည်ဟု ဆိုသည်။

ထို့အတူ ရဟန်းရှင်လူပြည်သူများ၊ကျောင်းသားကျောင်းသူများ၊နိုင်ငံခြားသားများ၊လေ့လာလိုက်စားသည့် သုတေသီများ၊လူမှုရေးအသင်းအဖွဲ့များ၊ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများ အမျိုးသားပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာရာတွင် အဆင်ပြေချောမွေ့စွာပြသနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက် (နေပြည်တော်)၌ ခင်းကျင်းပြသထားသည့် ပြခန်းများအားကြည့်ရှုစစ်ဆေးခဲ့ကာ ခင်းကျင်းပြသထားမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here