မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်းဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

0
263

မူးယစ်ဆေးဝါးပြဿနာအားဖြေရှင်းရေးနှင့်ပတ်သက်၍ နစက အဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့က လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့၌ကျင်းပသည့် (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သူဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊မှောင်ခိုဈေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးစေကာ မူးယစ်ဆေးဝါးမှုခင်းများနှင့်ဆက်နွယ်နေသည့် ငွေကြေးခဝါချမှု၊လက်နက်မှောင်ခိုမှု၊အကြမ်းဖက်မှုစသည့် မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တပ်မတော်၊ရဲတပ်ဖွဲ့နှင့်အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့်မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ဒေသတွင်းနိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်းဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုများကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန်လိုအပ်မည်ဖြစ်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ် ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့အတူ အနာဂတ်တွင် မူးယစ်ဆေးဝါးကင်းစင်‌သော အာဆီယံအသိုက်အဝန်းဖြစ်စေရန် အားလုံးအတူတကွ လက်တွဲကြိုးပမ်းသွားရမည်ဟုလည်း ဒု-ဗိုလ်ချုပ်ကြီး
ရာပြည့်က ပြောကြားခဲ့သည်။

Photo -MOI


LEAVE A REPLY

Please enter your comment!
Please enter your name here