ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ကြက်ဥကတ်များတင်လာသည့်ကား ဘရိတ်ပေါက်ပြီး သစ်ပင်အားဝင်တိုက်

0
241

မန္တလေးတိုင်းရှိ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ကြက်ဥကတ်များတင်လာသည့် Canter ၆ ဘီးကား ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့မှု သြဂုတ် ၁၃ ရက် ည ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ သိရသည်။

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းအတိုင်း ကြက်ဥကတ်များတင်ဆောင်မောင်းနှင်လာသည့် Canter ၆ ဘီးကားသည် မိုင်တိုင်အမှတ် ၂၁ အရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့သဖြင့် ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ညပ်သွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကို ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)၊ရတနာပုံနယ်မြေမီးသတ်စခန်းတို့ကတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးကူညီပေးခဲ့ပါတယ် ညပ်နေတဲ့ကားမောင်းတဲ့လူကို ဟိုက်ဒြောလစ်စနစ်ကယ်ဆယ်ရေးကရိယာတွေသုံးပြီး အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူ ၂ ယောက်ရှိပေမယ့် မစိုးရိမ်ရဒဏ်ရာတွေပဲရသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo Credit-Myanmar Fire Services Department


LEAVE A REPLY

Please enter your comment!
Please enter your name here