ဒေါနတောင်လမ်းဟောင်းတွင် ဖြတ်သန်းသွားလာမည့် ယာဉ်များကို အတက်/အဆင်း တစ်ရက်စီ သတ်မှတ်ကာ ဖြတ်သန်းခွင့်ပြုမည်

0
196

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင်တက်လမ်းဟောင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအဆွက် ဖြတ်သန်းသွားလာမည့်ကားများအား သြဂုတ် (၁၃) ရက်မှ စတင်ကာ အတက်/အဆင်းတစ်ရက်စီ သတ်မှတ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“အာရှလမ်းကြီးရဲ့ မြေပြိုကျတဲ့နေရာကို ပြင်ဆင်နေတဲ့အတွက် ဖြတ်သန်းသွားလာဖို့က ဒီတောင်ပေါ်လမ်းဟောင်းကိုပဲ သုံးနေရတာဆိုတော့ ကားအသွားအလာများတယ်။ အဲဒီလို အသွားအလာများတာကြောင့် မလိုအပ်ဘဲ လမ်းပိတ်ဆို့တာတွေ မဖြစ်အောင် အရင်ကအတိုင်း အတက်တစ်ရက် အဆင်းတစ်ရက် သတ်မှတ်ပေးခဲ့တာပါ” ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ထိုသို့ တောင်ပေါ်လမ်းဟောင်းအား အတက်/အဆင်းတစ်ရက်စီသတ်မှတ်ခဲ့သဖြင့် သြဂုတ် (၁၄) ရက်သည် ကားများအဆင်းရက်ဖြစ်ပြီး သြဂုတ် (၁၃) ရက် (ယမန်နေ့) ကမူ အတက်ရက်ဖြစ်ကြောင်း သိရသည်။

“အရင် အာရှလမ်းကြီးဖောက်လုပ်မပြီးခင် ဒီလမ်းကနေပဲ မြဝတီ/ကော့ကရိတ်ကို သွားရတဲ့အခါ အတက်/အဆင်းတစ်ရက်စီသွားခဲ့ရတာ။ လမ်းကကျဥ်းတော့ တောင်ပေါ်မှာကားချင်းရှောင်တဲ့အခါ အဆင်မပြေတာတွေဖြစ်ရတယ်။ တစ်ချို့ကားကြီးတွေဆိုရင် အကွေ့တွေမှာ လွန်းထိုးပြီးတက်ရတာတွေရှိခဲ့တယ်။ အခုကတော့ ကားကြီးတွေဖြတ်တာမတွေ့ရဘူး။ ကားလေးတွေကိုပဲ ဖြတ်ခိုင်းနေတာ။ အာရှလမ်းပြင်လို့ မပြီးမချင်းကတော့ ဒီလမ်းဟောင်းကနေပဲသွားရမှာပဲ”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြဝတီ – ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး မြေပြိုကျကာပျက်စီးသွားခဲ့သည့်နေရာအား တစ်လအတွင်း ယာယီဘေလီတံတားတည်ဆောက်ပြီးစီးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Credit – စော OK


LEAVE A REPLY

Please enter your comment!
Please enter your name here