ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၈၀၀၀၀ ကျော်တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄၆၃ သန်းကျော် ရရှိခဲ့

0
273

ပြည်ပသို့ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ (၁) ရက်မှ ဩဂုတ်လ (၄) ရက် အထိ (၄) လတာ ကာလအတွင်း ပဲမျိုးစုံတန်ချိန် ၅၈၀၀၀၀ ကျော်တင်ပို့ထားပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၆၃ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ပဲမျိုးစုံတန်ချိန် ၅၈၀၆၀၉ တန်တင်ပို့ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ၉၈၄ သန်းရရှိထားကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့လျှက်ရှိသည့် ပဲအမျိုးအစားများမှာ မတ် ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲပုတ်စေ့၊ ပဲနီကြား၊ နိုင်လွန်ပဲ၊ မြေပဲဆန်နှင့် အခြားပို့ကုန်ပဲများ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိကသီးနှံအနေဖြင့်စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့ကို စိုက်ပျိုး ထုတ်လုပ်ပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုမှာ ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Photo-နိုင်ငံပိုင်သတင်းစာ


LEAVE A REPLY

Please enter your comment!
Please enter your name here