နောင်ချိုနှင့် မြစ်ကြီးနားမြို့တို့တွင် ငွေကျပ်သိန်း (၁၃၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
218

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ငွေကျပ် ၁၃၁၄ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သြဂုတ် (၁၀) ရက်နှင့် (၁၂) ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် (၁၀) ရက်မွန်းလွဲ (၂) နာရီခန့်က နောင်ချိုမြို့အ၀င် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မူဆယ်မြို့ဘက်မှမန္တလေးမြို့ဘက်သို့ စောဒယ်နီယယ်(၄၇)နှစ်မောင်းကာ စောသက်ဦး(ခ) မောင်ဦး(၄၃)နှစ်လိုက်လာသည့် TOYOTA BB ကားအား ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည် ။

ယင်းသို့ စစ်ဆေးရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ ၃ ဒသမ ၁၈ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ဒသမ ၆၅ ကီလိုနှင့် စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ သြဂုတ် (၁၂) ရက်နံနက် (၁၀) နာရီခွဲကျော်ခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်း ၀ယ်ရာတွင် ပူးပေါင်းပါ၀င်သူ လဖိုင်ဇော်လတ်(၂၉)နှစ်နှင့်အားလုံ(ခ)ဇော်အားလုံ(ခ)ဟိုက်ကျန်း(၂၉)နှစ်တို့အား မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဟိုတယ်ကားပါကင်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက မွန်းတည့် (၁၂) နာရီတွင် အားလုံ(ခ)ဇော်အားလုံ(ခ)ဟိုက်ကျန်း နေထိုင်သည့် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်၊ နယ်မြေ (၁၃) ရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀၀၀ ပြားအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here