အစိုးရ၏ ရည်ညွှန်းဈေးထက် ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်း အဆမတန်မြင့်တက်နေ

0
230

စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်းထက် ပြင်ပဈေးကွက်ရှိ စားအုန်းဆီဈေးနှုန်းမှာ အဆမတန်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ကော်မတီမှ ယခုတစ်ပတ်အတွက် သြဂုတ် (၁၄ ) ရက်မှ (၂၀) ရက်အထိ စားအုန်းဆီ တစ်ပိဿာကို ၄၀၃၅ ကျပ်ဖြင့် ရောင်းချရန် အခြေခံရည်ညွှန်းဈေးအနေဖြင့်သတ်မှတ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ် ဈေးနှုန်းထက် ထပ်မံကျဆင်းလာခြင်း ဖြစ်သည်။

ကော်မတီက ယင်းကဲ့သို့ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်အထိမြင့်တက်နေကြောင်း သိရသည်။

“ကုန်ဈေးနှုန်းက အစစအရာရာ ဈေးတက်နေတာ။ စားအုန်းဆီဆိုရင် တစ်သောင်းထိ တက်လာတာ။ ဘယ်လိုလုပ်ကိုင် စားသောက်လို့ရတော့မလဲ။ အရင်ထက် နှစ်ဆလောက်ကို ဈေးမြင့်လာတာ။ ပြီးရင်ပြန်ကျမလာဘူး “ဟု တောင်ဥက္ကလာပတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုပေါ်မူတည်ပြီး  ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးနေခြင်းလည်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်ပတ်သက်၍ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသော်လည်း လက်ရှိအချိန်ထိ အရေးယူဆောင်ရွက်ထားခြင်းမျိုးမကြားသိရသေး​ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here