ဟာဝိုင်ယီ မီးဘေး၌ ပျောက်ဆုံးနေသူများအား ပိုက်စိပ်တိုက်ရှာဖွေကယ်တင်နေသည့်ကြားမှပင် သေဆုံးသူ ၉၃ ဦးအထိဖြစ်လာ

0
205

ကာဟူလွီ၊ဩဂုတ် ၁၄

ဟာဝိုင်ယီရှိမာလီတောမီးလောင်ကျွမ်းမှုအတွင်းပျောက်ဆုံးနေသူများအား ဆွေမျိုးများနှင့်တာဝန်ရှိသူများက ပိုက်စိပ်တိုက်ရှာဖွေကယ်တင်နေသည့်ကြားမှပင် သေဆုံးသူ ၉၃ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

တောမီးလောင်ကျွမ်းရာလမ်းကြောင်းတစ်လျှောက်ရှိ အိမ်များ၊တိုက်တာအဆောက်အအုံများအားလုံးလည်းပျက်ဆီးသွားခဲ့သော်လည်း မီးသတ်သမားများကြိုးစားငြှိမ်းသတ်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးခွေးများအသုံးပြုကာ ပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများကလည်း ၎င်းတို့၏အတွေ့အကြုံများကိုပြန်လည်မျှဝေကာ အချို့သည် တောမီးလောင်ကျွမ်းမှုမှလွတ်မြောက်ရန် ပစိဖိတ်သမုဒ္ဒရာထဲသို့ဆင်းပြေးကြသည်ဟုဆိုသည်။

ယခုသဘာဝဘေးအန္တရာယ်ကြောင့်သေဆုံးနှုန်းသည် ၁၉၆၀ ပြည့်နှစ်ကဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် လူ ၆၁ ဦးသေဆုံးခဲ့ရသည့်အဖြစ်ထက်ပင်ကျော်လွန်ကာ အဆိုးရွားဆုံးသဘာဝဘေးတစ်ခုဖြစ်လာခဲ့သည်။

မီးဘေးမှလွတ်မြောက်လာသူများအတွက် ယာယီနေထိုင်ရာနေရာများစီစဉ်ပေးလျက်ရှိပြီး ဟိုတယ်အခန်းပေါင်း ၁,၀၀၀ ကျော်တွင် မီးဘေးသင့်ပြည်သူများအား နေရာချထားပေးပြီး လူပေါင်း ၁,၄၀၀ ကျော်ရောက်ရှိခိုလှုံနေပြီဖြစ်ကြောင်းလည်းသိရသည်။

အရေအတွက်အတိအကျမသိရသေးသော်လည်း လူပေါင်းရာချီပျောက်ဆုံးနေသေးသည်ဟုလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

သဘာဝဘေးကြောင့် လဟိုင်းနားကို ပြန်လည်တည်ဆောက်ရန် ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံခန့်ရှိကြောင်း ပြည်ထောင် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ (FEMA) ကပြောကြားခဲ့ပြီး အဆောက်အအုံပေါင်း ၂,၂၀၀ ကျော်ပျက်စီးကာ စိုက်ပျိုးမြေဟက်တာ ၈၅၀ ကျော်မီးလောင်ကျွမ်းခဲ့သည်ဟုလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here