သမိုင်းကြောင်းကောင်းသည့် BPI ဆေးဝါးစက်ရုံသို့ နစက ဥက္ကဋ္ဌရောက်ရှိ

0
234

လုပ်ငန်းမှတ်တမ်းများမှတဆင့် သမိုင်းကိုသိနိုင်ကာ အနာဂတ်အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်စေရေးတိုက်တွန်း

မည်သည့်လုပ်ငန်းမဆိုမှတ်တမ်းထားရှိမှုအရေးကြီးခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက သြဂုတ် ၁၄ ရက်နံနက်ပိုင်းက ဆေးဝါးစက်ရုံ(အင်းစိန်)၌ပြုလုပ်သည့် စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်း အနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့ လုပ်ငန်းအတွက်သာမက နိုင်ငံတော်အတွက်လည်းများစွာအထောက် အကူပြုမည်ဖြစ်ကြောင်းပြောသည်။

ထို့ပြင် ယင်းမှတ်တမ်းများမှတဆင့် သမိုင်းကိုသိနိုင်ကာ အနာဂတ်အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရန်လည်း အထောက်အကူပြုမည်ဟု ဆိုသည်။

“သမိုင်းကြောင်းကောင်းတွေရှိခဲ့တဲ့ ဆေးဝါးစက် ရုံတစ်ခုအနေနဲ့ မှတ်တမ်းပြတိုက်ဆောင်ရွက်ပြီး သမိုင်းကိုထိန်းသိမ်းနိုင်ခဲ့တာကို ဂုဏ်ယူပါတယ်” ဟု နစက ဥက္ကဋ္ဌက ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့ပြင် သမိုင်းများကိုဖော်ထုတ်၍ လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင် ရွက်ရမည်ဖြစ်ကာ စက်ပစ္စည်းများမှာ ခေတ်ကာလအရ ကြာမြင့်သွားပြီဖြစ်သော်လည်း အချို့မှာယနေ့အချိန်အထိ အသုံးပြုနိုင်သေးသည်ကိုတွေ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် စက်ပစ္စည်းဟောင်းများကို နမူနာယူ၍ ထုတ်လုပ်မှုပိုင်းတွင် အထောက်အကူပြုနိုင်သည့် စက်ပစ္စည်းများကို ပြည်တွင်းမှနည်းပညာရှင် များဖြင့်ဆောင်ရွက်ပါက များစွာအကျိုးရှိမည်ဟု မှာကြားသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)မှထုတ်လုပ်သည့် ဆေးဝါးများ၏ အရည်အသွေးမှာကောင်းမွန်ပြီးဖြစ်၍ ရှိပြီးဖြစ်သည့် ခိုင်မာကောင်းမွန်မှုများအပေါ် အခြေခံကာ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here