ရန်ကုန်ယူနိုက်တက်နှင့် ဘရူနိုင်းကလပ်တို့၏ AFC Cup ခြေစစ်ပွဲကို ကွင်း၀င်ကြေးအခမဲ့နှင့် အကြိုအပို့စီစဉ်ပေးထား

0
236

ရန်ကုန်ယူနိုက်တက်နှင့် ဘရူနိုင်းကလပ် DPMM FC တို့ ၏ AFC Cup ခြေစစ်ပွဲကို ကွင်း၀င်ကြေးအခမဲ့နှင့် အကြိုအပို့စီစဉ်ပေးထားကြောင်း ရန်ကုန်ယူနိုက်တက် ဖန်ကလပ်က အသိပေးထားသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ် DPMM FC တို့သည် AFC Cup 2023/24 အကြိုခြေစစ်ပွဲအဆင့်အဖြစ် မနက်ဖြန် (ဩဂုတ်လ ၁၆ ရက်) ညနေ (၃) နာရီခွဲ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ရန်ကုန်ယူနိုက်အသင်းကို အားပေးနေကြသည့် ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့လိုက်ပါအားပေးလိုပါက စုရပ်အနေဖြင့် YUSC သံလမ်းကွင်း (သံလမ်းမှတ်တိုင်) သို့ လာရောက်ရမည်ဖြစ်ပြီး နေ့လယ် (၂) နာရီတွင် ကားထွက်ခွာမည်ဖြစ်ကြောင်း လက်မှတ်အခမဲ့ စီစဥ်ပေးထားပြီး အချိန်မှီပါက အင်္ကျီအခမဲ့ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်ဖန်ကလပ်ထံမှ သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုပွဲစဉ် ကြိုတင်ပြင်ဆင်မှုအဖြစ် ဩဂုတ် (၁၁) ရက်က မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ သူရိန်စိုး၊ ဟာဘီလာတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိထားသည်။

ပြိုင်ဘက် ဘရူနိုင်းကလပ် DPMM FC အသင်းသည် စင်္ကာပူပရီမီးယားလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကလပ်အသင်းတစ်သင်းဖြစ်ပြီး ပြည်ပကစားသမား (၆) ဦးအထိ ခေါ်ယူထားသည့် အသင်းဖြစ်ကာ ဘရူနိုင်းပြည်တွင်းလိဂ်မှ အသင်းများထက် သာလွန်ပြီး နည်းပြချုပ်အဖြစ် အင်္ဂလန်နိုင်ငံသား အေဒရီယန်ပန်နော့ခ်က တာဝန်ယူကိုင်တွယ်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုအဆင့်အား ဖြတ်ကျော်နိုင်ခဲ့ပါက အုပ်စုအဆင့်တက်ရောက်နိုင်ရေးအတွက် နောက်တစ်ဆင့်တွင် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်မှာမှု AFC Cup 2023/24 တွင် အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here